၇.၂.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာ ရီခွဲကနေပြည်တော်ရှိ MICC – 1 ကျောက်စိမ်းခန်းမမှာ စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ရာ အကယ်ဒမီထူးချွန်ဆုပေါင်း ၁၁ဆု၊ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုသုံးဆုနဲ့ မြန်မာ့အကယ်ဒမီဖက်ရှင်ဆု ၄ ဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားမှာ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို နှင်းပွင့်စေရာရုပ်ရှင်ဇာတ်ကားနဲ့ ကိုသာကျော်၊ အကောင်းဆုံး ရုပ်ရှင် တေးဂီတဆု ဟန်ထူးဇင်က မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်နဲ့ ရရှိခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်အသံဆုကို တော့ ကိုဂျိုးကို နတ်ဝင်သည်ရုပ်ရှင်ဇာတ်ကားနဲ့ ပေးအပ်ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုတွေကို မင်းသားကြီး ဦးဌေးအောင်၊ မင်းသမီးကြီး ဒေါ်ခင်လေးဆွေနဲ့ ဦးကြည်စိုးထွန်းတို့ သုံးဦးကို ချီးမြှင့်ခဲ့ကြပါတယ်။ ဆက်လက်ပြီး အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု ခွန် (မြို့ပြထဲကလမ်းမများဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆု သီလံ (မောင့်မိဖုရား ဇာတ်ကား)၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု Hein Production ရုပ်ရှင်ထုတ်လုပ်ရေး (ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး) တို့ကို ပေးအပ်ခဲ့ပါတယ်။
ပရိသတ်တွေ စိတ်ဝင်စားခဲ့ကြတဲ့ “Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စားဆင်ယင်မှုအကြီးတန်းဆု မေသန်းနု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆု ကောင်းမြတ်စံနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသမီးဆု ရတနာဗိုတို့ကို ဆုတံဆိပ်တွေနဲ့ စိန်နန်းတော်က စိန်လက်စွပ်၊ စိန်နားကပ်တွေကို ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။
ထူးချွန်ဆု ရရှိကြသူတွေကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဝါရင့်အကယ်ဒမီဆုရှင် အနုပညာရှင်ကြီးတွေက အကယ်ဒမီ ရွှေစင်ရုပ်တုတွေ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာ့ရုပ်ရှင် ထူးချွန်ဆုရရှိသူတွေက ကျေးဇူးတင်စကား ပြန်လည်ပြေားကြားခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပစဉ်အတွင်းမှာ အနုပညာရှင်တွေက တေးသီချင်းတွေ၊ အကအလှတွေနဲ့ အလှည့်ကျ ဖျော်ဖြေတင်ဆက်ကြခဲ့ပါတယ်။
အဲဒီနောက် အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆု ဩရသ (ဗြောသံရုပ် ရှင်ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ခိုင်နှင်းဝေ (မောင့်မိဖုရားရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု နေမျိုးအောင် (မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်ရုပ်ရှင်ဇာတ်ကား)၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု ရတနာဗို (မောင့်မိဖုရားဇာတ်ကား)နဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု မြင့်မြတ်(မြေစာရုပ်ရှင်ဇာတ်ကား)တို့ကို ဆုတွေ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
“၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ” တွင် ရွှေစင်ရုပ်တုနဲ့ ရွှေစင်ကြယ် ငါးကျပ်သားကို နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ဆုပေါင်း ၁၁ ဆုကို အကုန်ကျခံပေးအပ်ခဲ့ပါတယ်။
၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ အခုဆိုကို နှစ်ပေါင်း (၁၀၆) နှစ်ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေးကိုရှေးရှုပြီး ၁၉၅၂ ခုနှစ်က စတင်ပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့က မြန်မာ့ရုပ်ရှင်လောကသား ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေကိုရွေးချယ်ကာ ထူးချွန်ဆုချီးမြှင့်ခဲ့သည်မှာ ယနေ့ကျင်းပသည့် ၂၀၂၅ ခုနှစ် အကောင်းဆုံး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက ၇၄ နှစ်အတွင်းမှာ ၆၇ ကြိမ်မြောက် ချီးမြှင့်ခဲ့ဖြစ်တယ်လို့ သိရပါတယ်။
#အကယ်ဒမီထူးချွန်ဆုပေါင်း #၁၁ဆု #ရုပ်ရှင်တစ်သက်တာထူးချွန်ဆု #မြန်မာ့အကယ်ဒမီဖက်ရှင်ဆု #အကယ်ဒမီထူးချွန်ဆု #2025Academy #၂၀၂၅ခုနှစ်အကယ်ဒမီ




