





၇. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ကြေညာချက်အမှတ် (၃၂/၂၀၂၆)ဖြင့် ယနေ့တွင် ကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အခန်း ( ၈ ) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်းပေးပို့လာသည့် တပ်မတော်သားများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်၍ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကို ဗိုလ်ချုပ် ၁ ဦး ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ဦး၊ ဗိုလ်မှူးကြီး ၁၈ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၄၂ ဦး၊ ဗိုလ်မှူး ၂၇ ဦး၊ ဗိုလ်ကြီး ၁၂ ဦး စုစုပေါင်း ၁၁၀ ဦးအား တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ရွေးကောက်ပွဲအား FPTP နှင့် PR စနစ် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP)တို့ဖြင့် ဆောင်ရွက်မည်ဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအတွက်သည် ယခင်လွှတ်တော်သက်တမ်းနှစ်ဆက်ကဲ့သို့ပင် ပြည်သူ့လွှတ်တော်အတွက် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်အတွက် ၅၆ ဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC) က ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက ဖြေကြားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အလိုက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၂၅ ရာခိုင်နှုန်းရှိသည့်အနက် ပြီးခဲ့သည့် လွှတ်တော်သက်တမ်း နှစ်ဆက်လုံးတွင် ပြည်သူ့လွှတ်တော်၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးနှင့် အမျိုးသားလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦးတို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
