◾ ရုရှား၏ ထပ်မံကျူးကျော်မှုကို မတားဆီးနိုင်သော မည်သည့်သဘောတူညီချက်မျိုးကိုမဆို လက်ခံမည်မဟုတ်ဟု ဇယ်လန်းစကီး ပြော

သတိုး
၇. ၂. ၂၀၂၆
လေးနှစ်ကြာ ဖြစ်ပွားနေသော ယူကရိန်းနှင့် ရုရှားစစ်ပွဲကို ယခုနှစ် ဇွန်လတွင် အဆုံးသတ်ရန် အမေရိကန်က အလိုရှိနေပြီး လာမည့်အပတ်တွင် ဖလော်ရီဒါပြည်နယ်၌ နှစ်ဖက်ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းထားကြောင်း ယူကရိန်းသမ္မတ ဗလော့ဒီမာ ဇယ်လန်းစကီးက ယနေ့ စနေနေ့တွင် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အသေအပျောက် အများဆုံးဖြစ်သော ဤပဋိပက္ခကို အဆုံးသတ်ရန် အမေရိကန် ဦးဆောင်သည့် ကြိုးပမ်းမှုများသည် မကြာသေးမီ သီတင်းပတ်များအတွင်း အရှိန်အဟုန် မြင့်တက်လာသော်လည်း မော်စကိုနှင့် ကီးအက်ဗ်တို့သည် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အဓိကကိစ္စရပ်တွင် သဘောထားကွဲလွဲနေဆဲ ဖြစ်သည်။
ယူကရိန်းပိုင်နက်၏ ၂၀ ရာခိုင်နှုန်းခန့်ကို သိမ်းပိုက်ထားသော ရုရှားသည် မည်သည့်သဘောတူညီချက်တွင်မဆို ယူကရိန်းအရှေ့ပိုင်း ဒွန်းတက်စ် (Donetsk) ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရရန် တွန်းအားပေးနေပြီး ဆွေးနွေးပွဲများ ပျက်ပြားပါက အင်အားသုံး၍ သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ထားသည်။
သို့သော် ယူကရိန်းကမူ နယ်မြေပေးလိုက်ခြင်းသည် မော်စကိုအား ပိုမိုရဲတင်းလာစေမည်ဖြစ်သောကြောင့် ရုရှား၏ ထပ်မံကျူးကျော်မှုကို မတားဆီးနိုင်သော မည်သည့်သဘောတူညီချက်ကိုမျှ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုက ယူကရိန်းနဲ့ ရုရှား ဆွေးနွေးရေးအဖွဲ့နှစ်ဖွဲ့ကို အမေရိကန်နိုင်ငံ (ဖြစ်နိုင်ရင် မိုင်ယာမီ) မှာ နောက်တစ်ပတ်အတွင်း တွေ့ဆုံဖို့ ပထမဆုံးအကြိမ် ကမ်းလှမ်းလာပါတယ်” ဟု ဇယ်လန်းစကီးက သတင်းထောက်များကို စနေနေ့ အစောပိုင်းက ပြောကြားခဲ့သလို “သူတို့က ဇွန်လမတိုင်ခင် အရာအားလုံးကို အပြီးသတ်ချင်တယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အမေရိကန်သည် ဇန်နဝါရီလကတည်းက အဘူဒါဘီ (Abu Dhabi) တွင် နှစ်ဖက်ကြား ဆွေးနွေးပွဲ နှစ်ကြိမ်တိုင်တိုင် ကြားဝင်စေ့စပ်ပေးခဲ့ပြီး အကျဉ်းသားအလဲအလှယ် အဓိကပြုလုပ်နိုင်ခဲ့သော်လည်း နယ်မြေဆိုင်ရာ ကိစ္စရပ်တွင်မူ ထူးခြားသည့် တိုးတက်မှု မရရှိခဲ့ပေ။ မော်စကိုနှင့် ကီးအက်ဗ် နှစ်ဖက်စလုံးက ဆွေးနွေးပွဲများသည် ခက်ခဲကြောင်း ပြောကြားထားသည်။
ညှိနှိုင်းမှုအဆင်မပြေရခြင်း၏ အခက်အခဲများအဖြစ်ယူကရိန်းမှာ ရုရှားနှင့်ယှဉ်လျှင် မမျှမတသော အလျှော့ပေးမှုများ ပြုလုပ်ရန် တောင်းဆိုခံနေရခြင်းအပေါ် ဇယ်လန်းစကီးက စိတ်ပျက်မိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းသည် လက်ရှိရှေ့တန်း စစ်မျက်နှာပြင်များအတိုင်း ပဋိပက္ခကို ရပ်ဆိုင်းထားရန် အဆိုပြုထားသည်။ သို့သော် ရုရှားက ယင်းကို ငြင်းပယ်ခဲ့ပြီး ဝါရှင်တန်ကမူ ယူကရိန်းလက်ရှိ ထိန်းချုပ်ထားသော ဒွန်းတက်စ်ဒေသတွင်းရှိ နယ်မြေများကို နှစ်ဖက်စလုံးက စစ်ရေးအရ မထိန်းချုပ်သည့် “လွတ်လပ်သော စီးပွားရေးဇုန်” အဖြစ် ပြောင်းလဲရန် တွန်းအားပေးခဲ့သည်။
“လွတ်လပ်တဲ့ စီးပွားရေးဇုန်တစ်ခု ဖန်တီးနိုင်ခဲ့ရင်တောင် ကျွန်တော်တို့မှာ တရားမျှတပြီး ခိုင်မာတဲ့ စည်းမျဉ်းတွေ လိုအပ်ပါလိမ့်မယ်” ဟု ဇယ်လန်းစကီးက ဆိုသည်။
ထို့အပြင် ရုရှားသိမ်းပိုက်ထားသော ဇာပိုရစ်ရှား (Zaporizhzhia) နျူကလီးယားစက်ရုံ ထိန်းချုပ်မှုဆိုင်ရာ ကိစ္စတွင်လည်း နှစ်ဖက်အကြား “ဘုံသဘောတူညီချက်” မရရှိသေးကြောင်း ဇယ်လန်းစကီးက ပြောသည်။
ရုရှားတပ်ဖွဲ့များသည် ဥရောပတွင် အကြီးဆုံးဖြစ်သော ထိုစက်ရုံကို စစ်ပွဲစတင်ချိန်ကတည်းက သိမ်းပိုက်ထားခြင်းဖြစ်သည်။
ယူကရိန်းကို ကျော်ပြီး ရုရှားနှင့် အမေရိကန်တို့ နောက်ကွယ်မှ သဘောတူညီချက်များ ပြုလုပ်ခြင်းကို ယူကရိန်းအနေဖြင့် သည်းခံမည်မဟုတ်ကြောင်းလည်း ဇယ်လန်းစကီးက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်းမှာပင် ရုရှားသည် ယူကရိန်းကို ပြင်းထန်သော တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ အေးခဲနေသော ရာသီဥတုတွင် လူသန်းပေါင်းများစွာ အပူပေးစနစ်နှင့် လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ရသည်။ ကီးအက်ဗ်က ယင်းသည် စစ်ရာဇ၀တ်မှုဖြစ်သည်ဟု ဆိုသည်။
ရုရှားက ယူကရိန်းအနောက်ပိုင်းရှိ Burshtynska နှင့် Dobrotvirska လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် စနေနေ့တွင် ပိုလန်နိုင်ငံထံမှ အရေးပေါ် အကူအညီ တောင်းခံခဲ့ရကြောင်း စွမ်းအင်ဝန်ကြီး ဒန်းနိစ် ရှမီဂဲလ် (Denys Shmygal) က ပြောကြားခဲ့သည်။
“ရန်သူရဲ့ ဖျက်ဆီးမှုကြောင့် ဒေသအများစုမှာ အရေးပေါ် မီးဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ရပါတယ်” ဟု လျှပ်စစ်ကွန်ရက် အော်ပရေတာ Ukrenergo က စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ နျူကလီးယားစက်ရုံများသည်လည်း ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းအားကို လျှော့ချခဲ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဆိုသည်။
စစ်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်ထားခြင်းမရှိဟု ငြင်းဆိုထားသော ရုရှားသည် မော်စကိုရှိ ထိပ်တန်းစစ်ဘက် ထောက်လှမ်းရေးဗိုလ်ချုပ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ဒဏ်ရာရစေမှုအား ယူကရိန်းက စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သောကြာနေ့တွင် စွပ်စွဲခဲ့သည်။ ယင်းအပေါ် ကီးအက်ဗ်ဘက်မှ မှတ်ချက်တစ်စုံတစ်ရာ မပေးသေးပေ။
ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် နေတိုး (NATO) အဖွဲ့ ချဲ့ထွင်မှုကို တားဆီးရန် ယူကရိန်းကို စတင်တိုက်ခိုက်မှုအား “အထူးစစ်ဆင်ရေး” အဖြစ် ခေါ်ဆိုခဲ့သော်လည်း ကီးအက်ဗ်ကမူ ယင်းသည် တရားမဝင် နယ်မြေသိမ်းပိုက်ရန် ဆင်ခြေပေးခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဤပဋိပက္ခကြောင့် ရုရှားဘက်မှ ဆယ်မြို့မပြည့်သော မြို့အနည်းငယ်နှင့် ယူကရိန်းဘက်မှ မြို့ပေါင်းရာနှင့်ချီ အပါအဝင် နှစ်ဖက်မြို့အချို့ ပျက်စီးခဲ့ရပြီး စစ်သားနှင့် အရပ်သား သောင်းနှင့်ချီ သေဆုံးကာ လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
Ref: Bangkok Post
