◾ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များအတွက် မပျက်မကွက်လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကိုယ်ကြီးတစ်ခုဖြစ်ကြောင်း နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံး သိရှိထားကြရန် လိုအပ်မည်ဖြစ်
၇. ၂. ၂၀၂၆
Written by Nyein Kyaw
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးနေပြီဖြစ်၍ မကြာမီ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများတွင် ဒီမိုကရေစီနှင့် လိုက်လျောညီထွေဖြစ်မည့် Institution များ ပြန်လည်ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
“အခုအချိန်အခါမှာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးနေပြီး မကြာမီ အုပ်ချုပ်ရေးကဏ္ဍ၊ ဥပဒေပြုရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေဖြစ်မယ့် Institution တွေ ပြန်လည်ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်” ဟု နိုင်ငံတော်ယာယီသမ္မတက ပြောကြားသည်။
ထို့အတွက် ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် အနုပညာရှင်များနှင့် တိုင်းရင်းသားပြည်သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းနှင့် ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း အဆိုပါစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းလုပ်ငန်းစဉ်များကို Democratization ဟု ခေါ်ဆိုကြကြောင်းလည်း ရှင်းပြသည်။



“တစ်နည်းအားဖြင့် ပြောရရင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာမှာ ချက်ချင်းလက်ငင်း ပြီးပြီးရော ပြောင်းလဲလို့မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို Democratization လို့ ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ အဲဒီအဆင့်ကို ရောက်ဖို့ဆိုရင် လူအဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါမယ်။ လက်တွေ့မကျတဲ့ ဆွဲဆောင်စည်းရုံးမှုတွေကို အများကြိုက်လှုံ့ဆော်စည်းရုံး နှိုးဆွပေးလို့မရသလို မိမိတို့ရဲ့ စိတ်ဆန္ဒတွေကို ရှေ့တန်းတင်ပြီး ချည်းကပ်လို့လည်းမဖြစ်ပါဘူး။ Democratization အခြေတည်ရာ လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွားအနေအထားတွေ၊ လူမှုအုပ်စုများရဲ့ စုဖွဲ့ဖြစ်တည်ပုံတွေနဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေအပေါ်မှာသာ အခြေခိုင်ခိုင်ဆောင်ရွက်ရတဲ့သဘောရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ထို့ပြင် ယာယီသမ္မတက “ကမ္ဘာ့နိုင်ငံအသီးသီးမှာ Democratization ပုံစံမျိုးစုံရှိကြပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ Democratization ပုံစံကတော့ ဒီမိုကရေစီစံနှုန်းတွေကို အခြေပြု စတင်ခဲ့တာမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ လူမှုစီးပွားဖြစ်ထွန်းမှုတွေ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ရတဲ့ နိုင်ငံရေးဓလေ့ ဖွံ့ဖြိုးမှုတွေပေါ်မှာ အခြေခံစဉ်းစားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ Imported Transition နဲ့ ကူးပြောင်းခဲ့ရတဲ့ ပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မပျက်မကွက်လိုက်နာဆောင်ရွက်ရမယ့် အသက်ခန္ဓာကိုယ်ကြီးတစ်ခုဖြစ်တယ်ဆိုတာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ကြတဲ့ပုဂ္ဂိုလ်များနဲ့ ပြည်သူအားလုံး သိရှိထားကြဖို့လိုအပ်မှာဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြားသည်။
ထို့အတူ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကိုရှေးရှု့ပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများ ဖြစ်ထွန်းပေါ်ပေါက်လာရအောင် ကြိုပးမ်းဆောင်ရွက်ပေးလျက်ရှိနေကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
“ကမ္ဘာကြီးရဲ့ မျက်မှောက်အခြေအနေအရဖြစ်စေ၊ ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေကြောင့်ဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးလုံးဟာ လိုအပ်ဆုံးနဲ့ အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်တွေပဲဖြစ်ပါတယ်” ဟုလည်း ယာယီသမ္မတက ထပ်ဆင့် ပြောကြားသည်။
