ဆူဒန်နိုင်ငံ၏ လက်ရှိအာဏာရစစ်တပ်ကို တိုက်ခိုက်နေသော ယခင်အစိုးရ၏ အရန်တပ်ဖွဲ့ (RSF) သည် နေရပ်စွန့်ခွာတိမ်းရှောင်လာသည့် မိသားစုများလိုက်ပါလာသော ယာဉ်တစ်စင်းကို ယနေ့ စနေနေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၈ ဦးအပါအဝင် အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်များအဖွဲ့က ပြောကြားခဲ့ပြီး ဤတိုက်ခိုက်မှုသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ကူညီရေးယာဉ်တန်း တိုက်ခိုက်ခံရပြီး နောက်တစ်ရက်တွင်ပင် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုသည် မြောက်ဘက် ကော်ဒိုဖန် (North Kordofan) ပြည်နယ်၊ ရာဟတ် (Rahad) မြို့အနီးတွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကလေးငယ် ၈ ဦးတွင် နို့စို့ကလေးငယ် ၂ ဦးလည်း ပါဝင်သည်။ ဒဏ်ရာရရှိသူ အများအပြားကိုလည်း ဆေးဝါးပြတ်လပ်မှုဒဏ် ခံစားနေရသော ရာဟတ်မြို့ ဆေးရုံများသို့ ပို့ဆောင်ထားရသည်။
တိုက်ခိုက်ခံရသည့်ယာဉ်သည် ဒူဘေကာ (Dubeiker) ဧရိယာရှိ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလာသည့် စစ်ရှောင်များကို တင်ဆောင်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း မြောက်ဘက် ကော်ဒိုဖန်ပြည်နယ်တွင်ပင် WFP ၏ အကူအညီပေးရေးယာဉ်တန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး ဝန်ထမ်းတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Denise Brown က ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် ကူညီရေးယာဉ်များ မီးလောင်ပျက်စီးခဲ့ပြီး အိုဘတ် (Obeid) မြို့ရှိ စစ်ရှောင်များအတွက် ပို့ဆောင်မည့် စားနပ်ရိက္ခာများလည်း ပျက်စီးသွားခဲ့သည်။
အာဖရိကနှင့် အာရပ်ရေးရာဆိုင်ရာ အမေရိကန်အကြံပေး Massad Boulos က ဤတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး “လိုအပ်နေသူများအတွက် စားနပ်ရိက္ခာများကို ဖျက်ဆီးခြင်းနှင့် ကူညီရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်” ဟု ဆိုခဲ့သည်။ ထို့ပြင် ထရန့်အစိုးရ (Trump Administration) အနေဖြင့် အမေရိကန်က ရန်ပုံငွေထောက်ပံ့ထားသော အကူအညီများကို ဖျက်ဆီးခြင်းနှင့် အသက်ပေါင်းများစွာ သေဆုံးစေမှုကို သည်းခံမည်မဟုတ်ကြောင်းနှင့် တာဝန်ရှိသူများကို အရေးယူရန် တောင်းဆိုခဲ့သည်။
အလားတူ ဆူဒန်ရှိ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်နေသည့် လွတ်လပ်သော အရေးပေါ်ရှေ့နေများအဖွဲ့က ဤတိုက်ခိုက်မှုမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်သည်ဟု ဆိုခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလတွင် ဆူဒန်စစ်တပ်နှင့် RSF အဖွဲ့ကြား အာဏာလုပွဲမှတစ်ဆင့် စတင်ခဲ့သော ဤစစ်ပွဲကြောင့် ယခုအချိန်အထိ လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသော်လည်း အကူအညီပေးရေးအဖွဲ့များကမူ အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက် အဆပေါင်းများစွာ ပိုနိုင်သည်ဟု ဆိုကြသည်။ ယခုအခါ ဆူဒန်နိုင်ငံတွင် လူပေါင်း ၁၄ သန်းကျော် နေရပ်စွန့်ခွာနေရပြီး နိုင်ငံအချို့နေရာများတွင် ငတ်မွတ်ခေါင်းပါးမှု (Famine) ဆိုက်ရောက်လျက်ရှိသည်။ (Ref : News 18 & dtnext)
