၇.၂.၂၀၂၆.
Translated by Htwe Ko Tun
အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုကို ဖြေရှင်းနိုင်ဖို့ အိုမန်နိုင်ငံ၊ မတ်စကပ်မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်ကကျင်းပနေတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေအတွင်းမှာ အီရန်နိုင်ငံအတွင်း ယူရေနီယံသန့်စင်မှုကို ရပ်တန့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုတွေကို အီရန်ဘက်က ပယ်ချခဲ့ပါတယ်။
အမေရိကန်က အီရန်အဖွဲ့ကို လာမယ့်ရက်အနည်းငယ်အတွင်းကျင်းပနိုင်ဖို့မျှော်လင့်ရတဲ့ နောက်ထပ် ညှိနှိုင်းဆွေးနွေးပွဲကို နျူကလီးယားပြဿနာနဲ့ပတ်သက်လို့ အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ လိုက်လျောမှုနဲ့ တက်ရောက်စေလိုတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးအရာရှိတွေကတော့ သဘောတူညီချက်ရရှိဖို့ မဖြစ်နိုင်ဘူးလို့ မြင်ကြပါတယ်။


အီရန်အစိုးရရဲ့ သဘောထားကို ဒေသဆိုင်ရာ သံတမန်တစ်ဦးက ရိုက်တာသတင်းဌာနကို ဖေဖော်ဝါရီလ ၆ ရက်မှာ အကျဉ်းချုပ်ပြောကြားရာမှာ အီရန်အစိုးရဟာ နိုင်ငံအတွင်း ယူရေနီယံ အားဖြည့်သန့်စင်ခွင့်ကို စွန့်လွှတ်မှာမဟုတ်ပေမယ့် သန့်စင်မှုရဲ့အဆင့်နဲ့သန့်ရှင်းမှု ဒါမှမဟုတ် ဒေသတွင်း စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုအတွက် ဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အီရန်အစိုးရက အမေရိကန်ညှိနှိုင်းရေးမှူးတွေဟာ ယူရေနီယံသန့်စင်မှုနဲ့ပတ်သက်လို့ အီရန်ရဲ့ ရပ်တည်ချက်ကို နားလည်ပုံရပြီး အီရန်ရဲ့ တောင်းဆိုချက်တွေအပေါ် ပြောင်းလွယ်ပြင်လွယ်ရှိတယ်လို့ ပြသခဲ့ကြတယ်လို့ ယုံကြည်တယ်လို့ သံတမန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အိုမန်နိုင်ငံ မြို့တော် မတ်စကပ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတွေအတွင်း အီရန်ရဲ့ ဒုံးကျည်စွမ်းရည်တွေကို ဆွေးနွေးခဲ့ခြင်း မရှိဘူးလို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန် အရာရှိတွေက Axios သတင်းဌာနကို လာမည့်ရက်တွေမှာ နောက်ထပ် ဆွေးနွေးပွဲ ကျင်းပနိုင်ဖို့မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- Times of Israel
