သက်တံ့
၇. ၂. ၂၀၂၆
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အာဆုတ် (ဆူခွမ်ဗစ် ၂၁) ဧရိယာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်ပိုင်းက တာဝါကရိန်းလက်တံ ပြုတ်ကျမှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီ ၂၇ မိနစ်အချိန်ခန့်က ဘန်ကောက်မြို့၊ ဝပ်သနာခရိုင်၊ ဆွိုင် ဆူခွမ်ဗစ် ၂၁ လမ်း (Soi Sukhumvit 21)၊ အာဆုတ်(Asoke) ဧရိယာရှိ ဈေးဝယ်စင်တာတစ်ခုအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တာဝါကရိန်းလက်တံကျိုးကျပြီး အောက်ရှိ အလုပ်သမားများပေါ်သို့ ပိမိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် မြန်မာအမျိုးသမီးတစ်ဦးတွင် ဘယ်ဘက်ခြေထောက် ဒဏ်ရာရရှိခဲ့သဖြင့် Vimut–Theptarin ဆေးရုံသို့ ပို့ဆောင်ထားရပြီး အခြားမြန်မာအမျိုးသားတစ်ဦးမှာမူ သတိမေ့မြောကာ အခြေအနေ အလွန်စိုးရိမ်ရကြောင်း သိရသည်။ စိုးရိမ်ဒဏ်ရာရသူ အမျိုးသားအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက နှလုံးနှိုးစက် (AED) နှင့် CPR နည်းလမ်းများဖြင့် အသက်ကယ်ရန် ကြိုးပမ်းခဲ့ကြပြီး ရဲဆေးရုံ (Police General Hospital) သို့ အမြန်ဆုံး ပို့ဆောင်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လုမ္ဗနီ (Lumpini) ရဲစခန်းက ဆက်လက်စစ်ဆေး အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
Ref : The Nation Thailand


