၇.၂.၂၀၂၆
Written by Thiri
မနေ့က တစ်ရက်တည်း လှိုင်သာယာမှာ စွန့်ပစ်ခံအဘွားအိုတစ်ဦးကို လူမှုကူညီရေးအသင်းက ကူညီပေးခဲ့ရသလို အိမ်ခြေမဲ့ အမျိုးသမီးတစ်ဦး လမ်းဘေးသေဆုံးနေတာကိုလည်း ကောက်ယူကာ ပိုင်ရှင်မဲ့အဖြစ် သင်္ဂြိုဟ်နိုင်ဖို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ အိမ်ခြေမဲ့အမျိုးသမီးတစ်ဦး လှိုင်သာယာ၊ သမကုန်းမီးပွိုင့်အနီး သစ်ပင်အောက်မှာ သေဆုံးနေတာကြောင့် လှိုင်သာယာအခြေစိုက် ခွန်အားသစ် လူမှုကူညီရေးအသင်းက ရုပ်အလောင်း စနစ်တကျ ထုပ်ပိုးကာ သေဆုံးတဲ့နေရာကို ဆေးဖြန်း ထုံးဖြူးတာတွေ လုပ်ဆောင်သန့်ရှင်းပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အသင်းတာဝန်ရှိသူ ကိုမင်းသွေးမောင်က “သူက ဒီအနီးအနားက မဟုတ်ဘူးခင်ဗျ။ အသက်က ၄၀ ကျော်လောက်တော့ ခန့်မှန်းတာပဲ။ ဘယ်ကလာမှန်းလဲ မသိရပါဘူး။ သေတာတော့ အာဟာရပြတ်ပြီးသေဆုံးတဲ့ ပုံစံပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အလားတူ မနေ့က ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က သူငယ်ပြန်တဲ့ဝေဒနာသည်အဘွားအိုတစ်ဦး လှိုင်သာယာမြို့နယ်၊ အမှတ် ၂၀ ရပ်ကွက် နတ်နန်းမှာ ရောက်ရှိနေတယ်ဆိုကာ တာဝန်သိပြည်သူတစ်ဦးက မနောဖြူစင် လူမှုကူညီရေးအသင်းထံ လာရောက်ပြောပြအကူအညီတောင်းတယ်လို့ အသင်းဥက္ကဋ္ဌက MT News ကို ပြောပါတယ်။
“အဘွားက အဲဒီမှာရောက်နေတာ ၁၅ ရက်လောက်ရှိနေပြီတဲ့။ ဘယ်သူတွေ လာထားသွားမှန်းလဲ မသိရဘူး။ ဘယ်ကလဲဆိုတာလည်း ရေရေရာရာ မေးလို့မရဘူး။ အဖွား အသက်က ၉၂ ဆိုတာပဲ သိရတယ်။ ကျန်းမာရေးကတော့ ကောင်းပါတယ်” လို့ အသင်းဥက္ကဋ္ဌက ဆိုပါတယ်။
အဆိုပါ အဘွားအိုကို မနောဖြူစင်လူမှုကူညီရေးအသင်းနဲ့ ရွေမေတ္တာလူမှုကူညီရေးအသင်းတို့က ဝိုင်းဝန်းကူညီကာ ရွှေပြည်သာရှိ ရတနာသိင်္ဂီသီလရှင် ကျောင်းဆရာကြီးက လာရောက်ခေါ်ဆောင်ခဲ့ပြီး ခိုနားနိုင်ဖို့အတွက် ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။





