နေမိုး
၇. ၂. ၂၀၂၆
DVB မီဒီယာကိုတည်ထောင်သူနှင့် ပြည်ပပြေး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို ဦးဆောင်သူဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဝမ်းကွဲတော်စပ်သူ ဒေါက်တာစိန်ဝင်းမှာ အမေရိကန်တွင် သေဆုံးသွားခဲ့ပြီဖြစ်သည်ဟု NUG က ယနေ့ အသိပေး ဝမ်းနည်းချက် ထုတ်သည်။


NCGUB ၏ ဝန်ကြီးချုပ်ဟောင်း၊ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ ပြည်သူ့ကိုယ်စားလှယ် ဒေါက်တာစိန်ဝင်းသည် အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ ဒေသစံတော်ချိန် နံနက် ၆း၄၅ နာရီတွင် ကွယ်လွန်သွားသဖြင့် အထူးဝမ်းနည်းကြေကွဲရသည်ဟုလည်း NUG က ကြေညာသည်။
ဒေါက်တာစိန်ဝင်းသည် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏သား၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တူတော်စပ်သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကိုတစ်ဝမ်းကွဲဖြစ်ရုံသာမက မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းတွင် ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်နှင့် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ကို တည်ထောင်နိုင်ခဲ့သလို ဒေါက်တာစိန်ဝင်း ကွယ်လွန်ခြင်းသည် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟုလည်း NUG က ဆိုသည်။

သို့သော် ဒေါက်တာစိန်ဝင်းသည် NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် အစိုးရတာဝန်ယူခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် NLD ကို စင်ပြိုင်ခဲ့သည့် NCGUB ထူထောင်သူ အစ်ကိုဝမ်းကွဲဒေါက်တာစိန်ဝင်းအား ပြည်ဝင်ခွင့်မပြု၍ ၂၀၁၉ ခုနှစ်မှသာ ပြည်ဝင်ခွင့်ရခဲ့သူလည်းဖြစ်သည်။
သေဆုံးချိန်တွင် အသက် ၈၃ နှစ်ရှိနေပြီဖြစ်ပြီး သင်္ချာဘာသာဖြင့် ဒေါက်တာဘွဲ့ရခဲ့သူ ဦးစိန်ဝင်းသည် မေရီလန်းပြည်နယ်၊ ဘာသက်စ်ဒါမြို့၊ ဆူဘာဘန်ဆေးရုံကြီးတွင် သေဆုံးသွားခြင်းဖြစ်ပြီး ဇနီးဒေါ်စီစီနှင့် ရင်သွေးနှစ်ဦး ကျန်ရစ်သည်။
