၃.၂.၂၀၂၆
Written by Linn Eain
“မြန်မာ့သနပ်ခါး” ကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) အဖြစ် အမည်စာရင်းတင်သွင်းထားမှုအပေါ် ယူနက်စကိုအကဲဖြတ်အဖွဲ့က အကဲဖြတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေပြီဖြစ်၍ အလားအလာကောင်းသည်ဟု ယူဆကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောကြားသည်။
ကမ္ဘာ့ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO)သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Representative List of The Intangible Cultural Heritage of Humanity) စာရင်းဝင်များကို ၂၀၂၆ ဒီဇင်ဘာတွင် ကြေညာမည်ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က “သနပ်ခါးကို ယူနက်စကိုတင်ထားတာ ၂၀၂၅ မတ်လအတွင်း ငလျင်ကြီးမတိုင်ခင်အတွင်းမှာပဲ ယူနက်စကိုရုံးကို ရောက်သွားပါပြီ။ အဲဒါကြောင့် သူတို့ဘက်ကနေ တချို့ဓာတ်ပုံလေးတွေ ကွာလတီကောင်းအောင် လုပ်ပေးပါလို့ ပြန်လုပ်ခိုင်းတာရှိတယ်။ တချို့ အချက်လေးတွေပေါ့။ ၁၀ မိနစ်စာ Documentary ဗီဒီယိုမှာ တချို့နေရာလေးတွေမှာ မြန်မာ့မြေပုံပြထားတာကို ပြန်လုပ်ခိုင်းတယ်ဆိုကတည်းကိုက ကျွန်မတို့ကို Evaluate(အကဲဖြတ်ခြင်း) လုပ်နေပြီပေါ့နော်။ အဲဒီတော့ ကျွန်မအနေနဲ့ကတော့ Potential (အလားအလာ) သိပ်ကောင်းတယ်လို့ ယူဆပါတယ်။ သူတို့ဆီမှာ ရောက်နေပြီ။ ၂၀၂၅ မတ်လမှာ တင်တယ်ဆိုရင် ၂၀၂၆ အောက်တိုဘာလောက်မှာ Evaluation Body (အကဲဖြတ်အဖွဲ့) က ဘယ်လိုမျိုးသတ်မှတ်ချက်ရှိလဲဆိုတာ သိပြီးရင် ၂၀၂၆ ဒီဇင်ဘာကျရင် အဲဒီ Conference မှာ ကြေညာမှာဖြစ်တယ်” ဟု ယမန်နေ့ကပြုလုပ်သည့် မြန်မာ့လက်ဖက်ပွဲတော်ကျင်းပရေး သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းဖြေကြားခဲ့သည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုရေးကို ၂၀၂၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့ရာ လိုအပ်ချက်များနှင့် အများပြည်သူပါဝင်သည့် အထောက်အထားများ ထပ်မံဖြည့်ဆည်းရန်လိုအပ်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများပြုလုပ်ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ယူနက်စကိုသို့ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” ဟုသတ်မှတ်ထားပြီး ယင်းနေ့တွင် ရှေးအစဉ်အဆက်ကစ၍ မြတ်စွာဘုရားရှင်ကို ရည်မှန်းကာ သနပ်ခါးသားဖြင့် မီးပူဇော်ခဲ့သည်ကို အကြောင်းပြု၍ တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” ဟူ၍ မြန်မာနိုင်ငံသနပ်ခါးအသင်းက ကြီးမှူးကာ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
Photo – MOI
