၂. ၂. ၂၀၂၆
Written by Nyein Kyaw
ဧရာဝတီတိုင်းအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘဏ်များ၏ ပံ့ပိုးကူညီမှု ပိုမိုရရှိစေရေန် မြန်မာအရှေ့တိုင်းဘဏ် (MOB) နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) တို့ အကြားနားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

“ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရာတွင် ဘဏ်များ၏ ပံ့ပိုးကူညီမှုသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း” ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး၏ ရေသယံဇာတ၊ မြေသယံဇာတ၊ လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်ဝမှုများကို အခြေခံ၍ MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီး ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည်ဆိုပါက ကုန်ကြမ်းများထုတ်လုပ်သော အဆင့်မှ ကုန်ချောများထုတ်လုပ်လာနိုင်မည်ဖြစ်သောကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ စုစုပေါင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) လည်း မြင့်တက်လာမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌနှင့် မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ဥက္ကဌမှ နားလည်မှုဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအတွက် ရှင်းလင်းတင်ပြခဲ့ကြပြီးနောက် ARCCI နှင့် MOB ဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

