MT News
၁. ၂. ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာအုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေ တရုတ်နိုင်ငံသား ၂၃၀ ကျော်အား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။





ဖြစ်စဥ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ကျိုင်းလွန်းကျေးရွာ အုပ်စု၊ ဝမ်နမ့်မင်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ အခြေပြုလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ခဲ့ရာ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ တောင်ဘက်မီတာ ၅၀၀ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ်ရာ အဆောက်အအုံများကိုတွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့် နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင် နေကြသူများအား မတွေ့ရှိရဘဲ အလျား ၁၀၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ အလုပ်ရုံ ၃ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေလုံးချင်း ၉ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး ထမင်းစားဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေ ရှိ သွပ်မိုး၊ သွပ်ကာ ရိက္ခာဂိုဒေါင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ ရှိ သွပ်မိုး၊ အထပ်သားကာ လူနေလုံးချင်း ၁၄ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ အလျား ၅ ပေ၊ အနံ ၅ ပေရှိ ကင်းစောင့်တဲ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သွပ်ကာ လူနေ ၂ ထပ်ဆောင် ၂ လုံး၊ အလျား ၁၂ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး၊ မိုးကာစကာ လူနေအိပ်ဆောင် ၃ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။





ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၂၂၁ ဦးနှင့်အတူ ALL-IN-ONE ကွန်ပျူတာ ၁၅ လုံး၊ LAPTOP ၆ လုံးနှင့် STAR LINK ၂ လုံးတို့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၇ ဦးနှင့်အတူ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိမိုးကာစမိုး၊ သက်ကယ်ကာ ယာယီတဲ ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အုတ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၃၀ ပေ ရှိ သွပ်မိုး၊ ပလတ်စတစ်ကာ အလုပ်ရုံ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၅၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ စားချက်ဆောင် ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ ထမင်းစားဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၃ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ အထပ်သားကာ လူနေအိပ်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး မီးစက်တဲ ၁ လုံး၊ ALL-IN-ONE ကွန်ပျူတာ ၈၀ လုံး၊ STAR LINK ဗန်း ၁၁ လုံးနှင့် မီးစက်ကြီး ၂ လုံးတို့ကို လည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါ ဝမ်နမ့်မင်းကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်သူများဖြစ်သည့် တရုတ်နိုင်ငံသား အမျိုးသား ၅ ဦးကိုလည်းကောင်း ထပ်မံတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
