

၃၁ . ၁ . ၂၀၂၆
Written by Thiri
အမြန်လမ်းပေါ်မှာ ရှေ့ကမောင်းနေတဲ့ယာဉ်ကို ကျော်တက်စဉ် လွတ်လွတ်ကျွတ်ကျွတ်မကျော်နိုင်ဘဲ နောက်ကနေ ဝင်တိုက်မိရာက ယာဉ်မတော်တဆမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နေ့လယ် ၄ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၅၀ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံကြား ရန်ကုန်ကနေ နေပြည်တော်ကို မောင်းနှင်တဲ့ ဘက်ခြမ်းမှာဖြစ်ပွားခဲ့တာပါ။
အတိုက်ခံရတဲ့ယာဉ်က ယာဉ်မောင်းအပါ အမျိုးသားနှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း လေးဦး လိုက်ပါလာတဲ့ Toyota Probox အဖြူရောင်အငှားယာဉ်ဖြစ်ကာ ရှေ့မှ မောင်းနှင်နေတာဖြစ်ပါတယ်။
အခင်းဖြစ်နေရာအရောက် နောက်ကနေ ဝင်တိုက်တဲ့ ယာဉ်မောင်းအပါ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း လေးဦး လိုက်ပါလာတဲ့ Toyota Levin အမျိုးအစား အနက်ရောင်ယာဉ်က ကျော်တက်စဉ် ရှေ့ကမောင်းနှင်နေတဲ့ Probox ယာဉ်က အမြန်ယာဉ်ကြောကနေ အနှေးယာဉ်ကြောကိုချကာ မောင်းနှင်လာတာကြောင့် Probox ယာဉ်ရဲ့ နောက်ပိုင်းကိုတိုက်မိကာ Probox ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်ကို ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်း အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် Toyota Probox ယာဉ်ပေါ် ပါလာသူ ကျား(၁)ဦး၊ မ(၂)ဦးနဲ့ Toyota Levin ယာဉ်ပေါ်ပါသူ ကျား(၁)ဦး ၊ မ(၂) တို့မှာ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ ပဲခူးမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးဆီ လူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အမြန်လမ်းအသုံးပြုတဲ့ ယာဉ်တွေအနေနဲ့ ပုံမှန်မောင်းနှင်ပါက လက်ယာဘက် ကပ်မောင်းကြဖို့နဲ့ ကျော်တက်ဖို့အတွက်သာ လက်ဝဲဘက်ယာဉ်ကြောကို သုံးစွဲကြဖို့ကိုလည်း သတိပြု မောင်းနှင်ကြဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
