သက်တံ့
၃၁. ၁. ၂၀၂၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းရှိ အဓိက ကော်လ်တန် (Coltan) သတ္တုတူးဖော်ရေးနယ်မြေတစ်ခုတွင် ယခုသီတင်းပတ်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းအများအပြား ပြိုကျပျက်စီးခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ကြောင်း ထိုနယ်မြေကို ထိန်းချုပ်ထားသော သူပုန်များက ယနေ့ စနေနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါ ပြိုကျမှုသည် M23 သူပုန်များ ထိန်းချုပ်ထားသော ရူဘာယာ (Rubaya) သတ္တုတွင်းများတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြောက်ကီဗူး (North Kivu) ပြည်နယ်၏ သူပုန်ခန့် အုပ်ချုပ်ရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ လူမွန်ဘာ ကမ်ဘီရီ မူရီဆာ (Lumumba Kambere Muyisa) က ဆိုသည်။
၎င်း၏ ပြောကြားချက်အရ မြေပြိုမှုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်မှာ သေဆုံးသူ ၂၀၀ ကျော်ရှိနေပြီဖြစ်ပြီး တချို့ကတော့ ရွှံ့နွံတွေထဲမှာ ပိတ်မိနေတုန်းပဲ၊ အလောင်းတွေကိုလည်း အကုန်လုံး ပြန်မဆယ်နိုင်သေးပါဘူး” ဟု မူရီဆာက ပြောသည်။

ထို့အပြင် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ရူဘာယာမြို့ရှိ ကျန်းမာရေးဌာန ၃ ခုသို့ ပို့ဆောင်ထားကြောင်း၊ ဒဏ်ရာရရှိသူများကို ကီလိုမီတာ ၅၀ (၃၀ မိုင်) ခန့် ဝေးကွာသည့် အနီးဆုံးမြို့ဖြစ်သော ဂိုမာ (Goma) မြို့သို့ စနေနေ့တွင် လူနာတင်ယာဉ်များဖြင့် ပြောင်းရွှေ့ပို့ဆောင်ရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မြောက်ကီဗူးပြည်နယ်၏ သူပုန်ခန့်အုပ်ချုပ်ရေးမှူးသည် အဆိုပါနေရာရှိ တစ်ပိုင်တစ်နိုင် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်းထားပြီး သတ္တုတွင်းအနီးတွင် ယာယီတဲများဆောက်လုပ် နေထိုင်ကြသည့် ဒေသခံများကိုလည်း ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း မူရီဆာက ပြောကြားခဲ့သည်။
ကွန်ဂိုနိုင်ငံသည် စမတ်ဖုန်းများ၊ ကွန်ပျူတာများနှင့် လေယာဉ်အင်ဂျင်များအတွက် အဓိကကုန်ကြမ်းဖြစ်သော ကော်လ်တန် (Coltan) သတ္တုကို လက်ဖြင့်တူးဖော်ထုတ်လုပ်သည့် အဓိကနိုင်ငံဖြစ်သည်။
စမတ်ဖုန်းနှင့် ကွန်ပျူတာများ၊ Laptop၊ Game consoles စသည့် တခြား လက်ကိုင် အီလက်ထရွန်နစ် ပစ္စည်းများ၊ ဂျက်လေယာဥ်အင်ဂျင်များနှင့် ဒုံးပျံများတွင် မပါမဖြစ် ထည့်သွင်းအသုံးပြုရသည့် Coltan သတ္တုများကို ကမ္ဘာ့နိုင်ငံများအနက် ကွန်ဂိုက ၇၀ ရာခိုင်နှုန်းခန့်ပိုင်ဆိုင်ထားသည်။ သို့သော် ဝမ်းနည်းဖွယ်ဖြစ်ရပ်အဖြစ်မူ ကွန်ဂိုသူပုန်များက လက်ဖြင့်တူးနေရသော ထိုသတ္တုတွင်းများကို ထိန်းချုပ်ထားပြီး စစ်ပွဲများဖန်တီးနေကာ ကလေးလုပ်သားများလည်း အသုံးပြုနေသဖြင့် အသက်ပေါင်းများစွာစတေးနေရသည့် Coltan သတ္တုကို “သွေးစွန်းသော သတ္တု” (Blood Minerals) ဟုလည်း ခေါ်ဝေါ်ကြသည်။
Ref: SCMP
