၃၁. ၁. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေ၍ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားဟောင်း အသွား/အပြန် တံတားနှစ်စင်းအနက် တံတားတစ်စင်းကို ဆောလျင်စွာပြီးစီးရေး အလေးဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မှာကြားသည်။
ယမန်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်း (နေပြည်တော်-မန္တလေးလမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများ ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ဒုဋ္ဌဝတီတံတားသည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရေးပါသော တံတားဖြစ်ပြီး မန္တလေးငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး-ပလိပ်လမ်းမှတစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရခြင်းဖြစ်သည်။
ထို့ကြောင့် အသွား/အပြန် တံတားနှစ်စင်းရှိသည့်အနက် တံတားတစ်စင်းကို ဆောလျင်စွာ ပြီးစီးအောင် ဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက မှာကြားသည်။
ရန်ကုန် – မန္တလေး အမြန်လမ်းသည် အရေးပါသော လမ်းတစ်လမ်းဖြစ်သည့်အတွက် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို အပိုင်းလိုက် လုပ်ငန်းများပြီးစီးစေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးက မှာကြားပြီး တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း ဘိုးပိုင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည် တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing နည်းပညာများ ထည့်သွင်းအသုံးပြုထားပြီး မြန်မာနိုင်ငံ၏ ငလျင်ဒဏ်ခံနည်းပညာ အသုံးပြုထားသော တံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်။
