◾ နေပြည်တော်မှာ ဆေးကုသမှုခံယူနေတဲ့ “ဇော်လေးနိုင် ဇာတ်သဘင်”အဖွဲ့က ဒဏ်ရာရရှိသူတွေ ကိုယ်တိုင်သွား ရောက် တွေ့ဆုံနှစ်သိမ့်ပေးရင်း ကျပ်သိန်း ၁၀၀လှူဒါန်းခဲ့တဲ့ ဖိုးချစ်
၃၀.၁.၂၀၂၆
Written By Thandar





ယနေ့ ဇန်နဝါရီ ၃၀ ရက်မှာ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဖိုးချစ်က နေပြည်တော်ခု တင်(၁၀၀၀)ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ “ဇော်လေးနိုင် ဇာတ်သဘင်”အဖွဲ့က ဒဏ်ရာရရှိသူတွေ ကိုယ်တိုင်သွားရောက် တွေ့ဆုံနှစ်သိမ့်ပေးရင်း ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။
“ကျွန်တော်တို့ သဘင်အစည်းအရုံးက ဥက္ကဋ္ဌ ကိုဖိုးချစ်ကတော့ ကိုယ့်သဘင်လောကသားတွေ ဖြစ်တဲ့ အတွက် ဒီနေ့ နေပြည်တော်ခုတင် (၁၀၀၀) မှာ ယဉ်တိမ်းမှောက်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေ သွားရောက် ကူညီစောင့်ရှောက်တဲ့သဘောပါ။ ဇာတ် ကားကြီး တစ်စီးလုံးတိမ်းမှောက်တယ်ဆိုတော့ စိတ်မချမ်းမြေ့စရာပေါ့နော်။ ဆုံးသွားတဲ့သူက ၈ ယောက်လောက်ရှိတယ်။ နောက် ဒဏ်ရာရသူလည်း ၁၈ ယောက်လောက်ရှိတယ်ဆိုတော့လေ။ လောလောဆယ် စာရင်းအရတော့ ၁၄ယောက်ပေါ့နော်။ ဆေးရုံမတက်ရတဲ့ ထိခိုက်ပွန်းပဲ့တာက ၄ ယောက်တော့ ရှိတာပေါ့။ ဇာတ်အဖွဲ့နဲ့ပတ်သက်ရင်လည်း ထိခိုက်နစ်နာစရာတွေပါ။ ကားတစ်စီးလုံးလည်း ချောက်ထဲကျတယ်။ ပစ္စည်းတွေပျက်စီးကုန်တာ ဘာမှပြန်မရတော့ဘူး။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးအနေနဲ့ ကိုယ်တိုင် တွေ့ဆုံနှစ်သိမ့်ပြီးတော့ လှူဒါန်းတာပါ။ တခြား အလှူရှင်တွေကလည်း ဝိုင်းဝန်းကူညီ ပံ့ပိုးကြသူတွေလည်း ရှိပါတယ်”လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တာဝန်ရှိသူ ဦးကျော်ဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ကနေ တပ်ကုန်းမြို့ဆီကို ဖျော်ဖြေရေးအတွက် နေပြည်တော်-တောင်တွင်းကြီးလမ်း ဂွေးချိုကျေးရွာ၊တောင်ညိုလမ်းပိုင်းအရောက်မှာ ယာဉ်မတော်တဆဖြစ်ပြီးတော့ ယာဉ်တိမ်မှောက်ပြီး ချောက်ထဲကျသွားခဲ့လည်း ဖြစ်ပါတယ်။ ကားပေါ်မှာလိုက်ပါလာသူတဲ့ ဇာတ်သဘင်အဖွဲ့သူ၊ အဖွဲ့သားတွေ ၂၇ ဦး ကနေ ကနဦးမှာ ခြောက်ဦးသေဆုံးပြီး လက်ရှိမှာ နှစ်ဦးထပ်မံသေဆုံးလို့ ရှစ်ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။






“ဇာတ်ပွဲတွေသွားတဲ့အခါမှာ ကားတွေကို ယာဉ်မောင်းတွေ ကားရဲ့ကြံ့ခိုင်မှုတွေကို ယာဉ်မောင်းတွေရဲ့ သတိရှိမှုတွေကတော့ တော်တော်အရေးကြီးပါတယ်။ ကိုယ့်လက်ထဲမှာ ဇာတ်အဖွဲ့သားတွေရဲ့ အသက်တွေရှိ တယ်။ ယာဉ်မောင်းတွေအနေနဲ့ သတိတွေရှိကြပါလို့ပဲပြောချင်ပါတယ်”လို့ သူက ဆက်လက်ပြောဆိုပါတယ်။
တောင်ညိုလမ်းရဲ့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ “ဇော်လေးနိုင်” ဇာတ်သဘင်အဖွဲ့ အတွက် “မြိုရွှေမန်းသားဖိုးချစ်” ဇာတ်သဘင်အဖွဲ့နဲ့ ပရိသတ်တွေကလည်း အလှုငွေ ကျပ်သိန်း ၁၀၀ ကိုလှူဒါန်းခဲ့ပါတယ်။ ဒါ့ပြင် ဧရာဝတီဖောင်ဒေးရှင်းကလည်း ကျပ်သိန်း ၃၀၀ တို့ကို လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
