၃၀.၁.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံရှိ စုံတွဲတစ်တွဲမှာ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံမှုပြုကာ အရက်သေစာ သောက်သုံးခဲ့သဖြင်ံ ရှာရီယာ သို့မဟုတ် အစ္စလာမ်ဘာသာရေးဥပဒေကို ချိုးဖောက်ရာရောက်သောကြောင့် ကြိမ်ဒဏ် ၁၄၀ ချက် အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်တွင် အဆိုပါ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အများပြည်သူရှေ့တွင် ကြိမ်ဒဏ်ပေးသည့် အကြိမ်အရေအတွက် စံချိန်တင် ရိုက်နှက်ခံရပြီးနောက် မေ့လဲသွားခဲ့သည်။
အမျိုးသမီးရဲအရာရှိသုံးဦးသည် သူမငိုနေစဉ်မှာပင် ကြိမ်ဖြင့် အလှည့်ကျရိုက်ခဲ့ကြခြင်းဖြစ်သည်။ ပြစ် ဒဏ်ခံရပြီးနောက် စင်မြင့်ပေါ်၌ သူမ လဲကျသွားခဲ့ရာ အမျိုးသမီးရဲအရာရှိများက လူနာတင်ယာဉ်သို့ သယ်ဆောင်သွားခဲ့ကြသည်။
၎င်းတို့ စုံတွဲအား အစ္စလာမ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးအပါအဝင် အခြားလေးဦးနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်တွင် ကြိမ်ဒဏ်ပေးခဲ့ပြီး ၎င်းတို့အားလုံးသည် ရှာရီယာကို ချိုးဖောက်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။



ဘာသာရေးအရ ရှေးရိုးစွဲအယူဝါဒ လွှမ်းမိုးသော အာချေးပြည်နယ်တွင် အစ္စလာမ်ဥပဒေကို ချိုးဖောက်သည့်အတွက် ကြိမ်ဒဏ်ပေးခြင်းသည် အဖြစ်များသော ပြစ်ဒဏ်တစ်ခုဖြစ်သော်လည်း ယင်းလုပ်ရပ်သည်ရက်စက်ကြမ်းကြုတ်သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများ ထွက်ပေါ်နေခဲ့သည်။
အာချေးပြည်နယ်၏ အစ္စလာမ်ရာဇဝတ်မှုဥပဒေအရ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံခြင်းကို ကြိမ်ဒဏ် ၁၀၀ ချက်ဖြင့် ပြစ်ဒဏ်ပေးနိုင်ပြီး အရက်သောက်သုံးခြင်းကိလည်း ကြိမ်ဒဏ် ၄၀ ချက်ဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။
အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့ Kontras ၏ အာချေးညှိနှိုင်းရေးမှူး အက်ဇ်ဟာယူလ် ဟတ်စ်နာက ကြိမ်ဒဏ်များကို စနစ်တကျထိန်းချုပ်မထားကြောင်း ပြောကြားခဲ့ပြီး ကြိမ်ဒဏ်ပေးခံရသူများကို ကူညီ ပံ့ပိုးရန်အတွက် ထိုကဲ့သို့သောပြစ်ဒဏ်များနှင့်ပတ်သက်သည့်စည်းမျဉ်းများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အစ္စလာမ်ရဲတပ်ဖွဲ့မှ ရဲအရာရှိသည်လည်း အမျိုးသမီး လုပ်ဖော်ကိုင်ဘက်နှင့်အတူ ပုဂ္ဂိုလ်ရေး သီးသန့် နေရာတွင် နီးကပ်စွာရှိနေခြင်းကြောင့် ၎င်း၏အမျိုးသမီးလက်တွဲဖော်ကဲ့သို့ပင် ကြိမ်ဒဏ် ၂၃ ချက် အပြစ်ပေးခံခဲ့ရသည်။
အာချေး၏ အစ္စလာမ်ရဲတပ်ဖွဲ့အကြီးအကဲ မူဟာမက် ရီဇယ်လ် က BBC Indonesian သို့ ပြောကြားရာတွင် ထိုရဲအရာရှိအား သူမနှင့်အတူ သူမအိမ်တွင် တစ်ယောက်တည်းဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိကို ရာထူးမှလည်းထုတ်ပယ်မည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အာချေးသည် မွတ်စလင်အများစုနေထိုင်သော အင်ဒိုနီးရှားတွင် ရှာရီယာဥပဒေကို ပြဋ္ဌာန်းသည့် တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး ပြစ်မှုများစွာကို အများပြည်သူရှေ့မှောက်တွင် ကြိမ်ဒဏ်ပေးခြင်းဖြင့် အပြစ်ပေးလေ့ရှိသည်။
Ref-BBC
