သက်တံ့
၃၀. ၁. ၂၀၂၆
ဗြိတိန်ဝန်ကြီးချုပ် Sir Keir Starmer သည် ပေကျင်းမြို့သို့ သွားရောက်လည်ပတ်နေစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးထူထောင်ခြင်းမှာ ဗြိတိန်အတွက် “အန္တရာယ်အလွန်များ” ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ထုတ်ဖော် ပြောကြားလိုက်သည်။
ယူကေ (ဗြိတိန်) နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည်စတင်ရန် ရည်ရွယ်သည့် ဇန်နဝါရီ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အတွင်း Keir နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသည့် သဘောတူညီချက်များအပေါ် အမေရိကန်သမ္မတက တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗြိတိန် – တရုတ် သဘောတူညီချက်များသည် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် ရည်ရွယ်သည်။
ထရမ့်ပ်၏ဇနီး မယ်လာနီယာ (Melania) အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင်ရုပ်ရှင် မိတ်ဆက်ပွဲတွင် ဗြိတိန်က တရုတ်နှင့် စီးပွားရေးအရ ပိုမိုနီးကပ်စွာ ဆောင်ရွက်လာခြင်းအပေါ် မည်သို့ထင်မြင်သနည်းဟု မေးမြန်းရာတွင် “အဲဒီလိုလုပ်တာဟာ သူတို့အတွက် အလွန်အန္တရာယ်များပါတယ်” ဟု ထရမ့်ပ်က ဖြေကြားခဲ့သည်။
ကြာသပတေးနေ့က ပြည်သူ့ခမ်းမဆောင်ကြီးတွင် သမ္မတရှီနှင့် တွေ့ဆုံပြီးနောက် ဗြိတိန်နှင့် တရုတ်တို့၏ ဆက်ဆံရေးမှာ “ကောင်းမွန်ခိုင်မာသည့် အခြေအနေ” တွင် ရှိနေကြောင်း Keir က ပြောကြားခဲ့ပြီးနောက် ထရမ့်ပ်၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတရှီနှင့် “အလွန်ကောင်းမွန်သော တွေ့ဆုံမှုများ” သည် ကျွန်ုပ်တို့ မျှော်လင့်ထားသည့် ထိတွေ့ဆက်ဆံမှု အဆင့်အတန်းအတိုင်းဖြစ်သည်” ဟု Keir က သောကြာနေ့တွင် ပြောကြားခဲ့သလို “ကျွန်ုပ်တို့ဟာ ရင်းရင်းနှီးနှီး ထိတွေ့ဆက်ဆံခဲ့ကြပြီး တကယ့်တိုးတက်မှုတချို့လည်း ရရှိခဲ့ပါတယ်။ တကယ်တော့ ဗြိတိန်မှာ ကမ်းလှမ်းစရာတွေ အများကြီးရှိနေလို့ပါ” ဟု ပေကျင်းမြို့ရှိ တရုတ်ဘဏ် (Bank of China) တွင် ကျင်းပသည့် ဗြိတိန်-တရုတ် စီးပွားရေးဖိုရမ် အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့သည်။
Keir ၏ ခရီးစဉ်အတွင်း ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်၊ ဝီစကီအကောက်ခွန် လျှော့ချရေးတို့အပြင် AstraZeneca ကုမ္ပဏီက တရုတ်နိုင်ငံတွင် ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရန် ပေါင် ၁၀ ဒသမ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်များ အပါအဝင် အချက်အလက်အချို့ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် ဂိုဏ်းဖွဲ့ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် တရားမဝင် လူဝင်မှုကြီးကြပ်ရေးကဲ့သို့သော အခြားကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များကိုလည်း ကြေညာခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ခရစ် တောရင့်စ် (Chris Torrens) က Keir ၏ ပေကျင်းခရီးစဉ်ကို “အောင်မြင်သည်” ဟု ချီးကျူးခဲ့သည်။ မစ္စတာ တောရင့်စ်က ဘီဘီစီသို့ ပြောကြားရာတွင် “ဗြိတိန်အနေနဲ့ တရုတ်ကို မျက်စိကျနေတာဟာ သဘာဝကျပါတယ်။ တရုတ်ဟာ ဗြိတိန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံတွေထဲက တစ်ခုဖြစ်လို့ပါ” ဟု ဆိုသည်။
အခြားသော အနောက်နိုင်ငံ ခေါင်းဆောင်များသည်လည်း မကြာသေးမီက ပေကျင်းသို့ သွားရောက်ခဲ့ကြသလို မကြာမီတွင်လည်း သွားရောက်ကြဦးမည်ဖြစ်ကြောင်း၊ ၎င်းတို့ထဲတွင် ဧပြီလ၌ သွားရောက်ရန် မျှော်လင့်ရသည့် ထရမ့်ပ်ကိုယ်တိုင်လည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
“အမေရိကန်ဟာ တရုတ်နဲ့ သဘောတူညီချက်တွေ လုပ်ဆောင်နေတဲ့ တခြားစီးပွားရေးနိုင်ငံတွေကို ပိတ်ဆို့အရေးယူတာ၊ အပြစ်တင်တာ ဒါမှမဟုတ် အကောက်ခွန် တိုးမြှင့်တာတွေ လုပ်ကောင်းလုပ်နိုင်ပေမဲ့ အမေရိကန်ကိုယ်တိုင်လည်း တရုတ်နဲ့ သဘောတူညီချက် လုပ်နိုင်ပါတယ်။ တကယ်တော့ ဒီနှစ်ထဲမှာပဲ အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု မစ္စတာ တောရင့်စ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။
ထရမ့်သည် ယခုသီတင်းပတ်အစောပိုင်းကလည်း ကနေဒါခေါင်းဆောင် မာ့ခ် ကာနေး (Mark Carney) ၏ ပေကျင်းခရီးစဉ်အတွင်း တရုတ်နှင့် စီးပွားရေးသဘောတူညီချက်များ လုပ်ဆောင်ခဲ့ပါက ကနေဒါအပေါ် အကောက်ခွန်များ စည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။
ဗြိတိန်နှင့် တရုတ်တို့၏ ထိတွေ့ဆက်ဆံမှုအပေါ် မှတ်ချက်ပေးပြီးနောက် ထရမ့်ပ်က “ကနေဒါအတွက်ဆိုရင် ပိုတောင် အန္တရာယ်များဦးမယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဆိုသည်။
”ကနေဒါက အဆင်မပြေဖြစ်နေတယ်။ သူတို့ အခြေအနေက တော်တော်လေး ဆိုးရွားနေတာပါ။ တရုတ်ကို အဖြေတစ်ခုအနေနဲ့ သွားကြည့်လို့ မရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်သည် တိုကျိုမြို့သို့ မထွက်ခွာမီ ရှန်ဟိုင်းမြို့သို့ သွားရောက်ရန် စီစဉ်ထားပြီး တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် အလုပ်သဘော ညစာစားပွဲ၌ တွေ့ဆုံမည်ဖြစ်သည်။
အတိုက်အခံ လွှတ်တော်အမတ်များက Keir ၏ ခရီးစဉ်အပေါ် ဝေဖန်ခဲ့ကြသည်။ Shadow Home Secretary ခရစ် ဖီးလ် (Chris Philp) က Keir သည် “သမ္မတရှီကို သွားရောက် ဦးညွှတ် (Kowtow) ခဲ့ခြင်းဖြစ်သည်” ဟု ပြောဆိုခဲ့သည့်အပြင် ဗြိတိန်အစိုးရအနေဖြင့် “တရုတ်နိုင်ငံဆီကရမည့် စီးပွားရေး အကြွင်းအကျန် အကျိုးအမြတ် အစအနလေးတွေကို အမျိုးသားလုံခြုံရေးနှင့် လဲလှယ်ခဲ့သည်” ဟု စွပ်စွဲခဲ့သည်။
ဗြိတိန် စီးပွားရေးနှင့် ကုန်သွယ်ရေးဌာန၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်သည် ဗြိတိန်၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံမှာ စတုတ္ထမြောက် အကြီးမားဆုံး ဖြစ်သည်။
Ref: BBC
