၂၉. ၁. ၂၀၂၆
Written by Nyein Kyaw
လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလတို့တွင် လွှတ်တော်ဝန်း အတွင်း/အပြင်နှင့် တည်းခိုနေထိုင်သည့်နေရာများတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိရန် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားသည်။
တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။


ထို့ပြင် တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို အတည်ပြုပြီးချိန်တွင် ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများ အဆင်ပြေစွာအသုံးပြု နိုင်ရန်ဆောင်ရွက်ထားရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလတို့တွင် လွှတ်တော်ဝန်း အတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့်နေရာများတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိရေး၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ သွားလာရေး အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကိုလည်း စနစ်တကျ ဆောင်ရွက်ထားရှိရေး၊ လွှတ်တော်အသီးသီးရှိ တယ်လီဖုန်း ဆက်သွယ်မှုစနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များ ကောင်းမွန်စွာအသုံးပြုနိုင်ရေးတို့အတွက်လည်း စမ်းသပ်လေ့ကျင့်မှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
အလားတူ ငလျင်ဒဏ်ကြောင့် လွှတ်တော်ပရဝဏ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ၊ လမ်း၊ တံတားများ အဆင့်မြှင့်ပြန်လည်ပြင်ဆင်ထားရှိမှု စနစ်တကျရှိစေရေး ၊ လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးကျင်းပမှု သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် ရုပ်/သံစက်ပစ္စည်းများ ကောင်းမွန်စေရေး၊ ပြည်တွင်း/ပြည်ပသတင်း မီဒီယာများ၏ သတင်းရယူရေးကိစ္စရပ်တို့တွင်လည်း စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေးတို့ကို ကော်မတီအလိုက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
