◾️ အုပ်စုဖွဲ့အနိုင်ကျင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်တားဆီး အသိပညာပေးခြင်းနှင့် ဖြစ်ပွားလာပါက ထိရောက်စွာအရေးယူခြင်းနည်းလမ်းဖြင့် ထိန်းချုပ် ဆောင်ရွက်သွားမည်ဟု ဆို

၂၉. ၁. ၂၀၂၅
Written by Nyein Kyaw
ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အုပ်စုဖွဲ့အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာမှ Grade-7 ကျောင်းသား မောင်မိုးသူရိန်၏ သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်တွင် ပါဝင်သူများအား စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့တွင် ဖြေကြားထားသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းမုန့်စားဆင်းချိန် စုဖွဲ့ကစားကြရာမှ အပျော်မှအပျက်ဖြစ်ရသည့် မတော်တဆ အခြေအနေတစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ခိုက်ရန်ဖြစ်ပွားမှုတွင် Grade-7 ကျောင်းသား မောင်မိုးသူရိန်၏ သေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးနေပါကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်စဉ်တွင် ပါဝင်သူများအား ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဖြင့် စိစစ်ပြီး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ အုပ်စုဖွဲ့အနိုင်ကျင့် ခိုက်ရန်ဖြစ်ပွားမှုမရှိစေရန် ပညာရေးဝန်ကြီးဌာနနှင့် ကျောင်းသားမိဘများပူးပေါင်း၍ ကြိုတင်ကာကွယ်တားဆီးခြင်း၊ အသိပညာပေးခြင်း၊ ဖြစ်ပွားလာပါက ထိထိရောက်ရောက်အရေးယူဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ထိန်းချုပ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်” ဟု ဖြေကြားထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ရုပ်သံတွင် လဲကျနေသည့် ကျောင်းသားငယ်တစ်ဦးကို ကျောင်းသားအများအပြားက ဝိုင်းထားပြီး “တစ်ချက်တည်းထိုးတာကို ဖြစ်နေတယ်” ဟု ပြောနေခြင်းကိုလည်း တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၈ ရက်တွင် MT News သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် မောင်မိုးသူရိန်၏ မိခင်က “ကျွန်မတို့ကို ကျောင်းက ဘောလုံးကန်ရင်း အမောဖောက် လဲကျတယ်ပြောတော့ ဒီအတိုင်းပဲ ယုံကြည်ထားတာပါ။ ဆေးရုံက ရင်ခွဲစစ်တော့ နှလုံးကကောင်းတယ်။ လည်စေ့ပြုတ်သွားတာပါ။ နားထင်ညိုနေတယ်။ နှာခေါင်းက သွေးထွက်ထားတယ်”ဟု ပြန်လည်ဖြေကြားထားသည်။
သေဆုံးသူ မောင်မိုးသူရိန်သည် ရွှေပြည်သာမြို့နယ်၊ သံဒင်း (၂၀) ရပ်ကွက်တွင် နေထိုင်ပြီး တစ်ဦးတည်းသောသားကြောင်း သိရပြီး မိဘများက လက်လုပ်လက်စားဖြစ်သော်လည်း သားဖြစ်သူကို ကျောင်းကောင်းကောင်း ထားပေးချင်၍ ရပ်ကွက်အတွင်း အလယ်တန်းကျောင်းမှ ယမန်နှစ်တွင် Grade – 6 တက်ရောက်ချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေပြည်သာမြို့နယ်သို့ စတင် ပြောင်းရွှေ့ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၁၅ နှစ်ခန့်အရွယ် မောင်မိုးသူရိန် Grade -7 ကျောင်းသား သေဆုံးမှုတွင် အဖွဲ့လိုက်ကျူးလွန်သူများအနက်မှ လက်သီးနှင့်ထိုးကြိတ်သူ Grade -8 ကျောင်းသားတစ်ဦးကို သက်ဆိုင်ရာမှ ဖြစ်စဉ်ဖြစ်သည့် ဇန်နဝါရီ ၂၇ ရက်ညကတည်းက ထိန်းသိမ်းထားကြောင်း သိရသည်။
