သက်တံ့
၂၉. ၁. ၂၀၂၆
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုတစ်ခု၌ အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်၏ အငယ်ဆုံးသားဖြစ်သူ Barron Trump သည် အရေးပါသော မျက်မြင်သက်သေအဖြစ် ပါဝင်ခဲ့သည်။ သူသည် လွန်ခဲ့သည့် တစ်နှစ်ကျော်က အီစီကလီရိုက်နေသည့် ထိုအမျိုးသမီးနှင့် ဗီဒီယိုကောလ် (Video Call) ပြောဆိုနေစဉ် အမျိုးသမီး၏အတူနေရည်းစားက ရိုက်နှက်သည်ကို အမေရိကန်နိုင်ငံမှနေ၍ မြင်တွေ့ခဲ့ရပြီးနောက် Barron က လန်ဒန်ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၈ ရက်) တွင် လန်ဒန်တရားရုံးက တရားခံဖြစ်သူ ရုရှားနိုင်ငံသား Matvei Rumiantsev အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ပြစ်ဒဏ်စီရင်ခဲ့သည်။ တရားခံ Rumiantsev က ၎င်း၏ ရည်းစားဖြစ်သူနှင့် Barron Trump တို့၏ ခင်မင်ရင်းနှီးမှုအပေါ် မနာလိုဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

◾️ ဖြစ်စဉ်အသေးစိတ်
ဖြစ်စဉ်မှာ လွန်ခဲ့သော တစ်နှစ်ကျော်က Barron Trump သည် လူမှုကွန်ရက်မှတစ်ဆင့် သိကျွမ်းခဲ့သော အမျိုးသမီးထံသို့ ညည့်နက်ပိုင်းတွင် FaceTime ဖြင့် ဗီဒီယိုကောလ် ခေါ်ဆိုခဲ့သည်။ ထိုသို့ခေါ်ဆိုစဉ် အင်္ကျီဗလာဖြင့် အမျိုးသားတစ်ဦးက ဖုန်းကိုင်လိုက်သဖြင့် Barron က အလွန်အံ့အားသင့်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။
“အဲဒီမြင်ကွင်းက တစ်စက္ကန့်လောက်ပဲ ကြာပေမဲ့ ကျွန်တော့်မှာ ရင်တွေအရမ်းခုန်သွားတယ်” ဟု Barron က ဆိုသည်။ “အဲဒီနောက် ကင်မရာက အမျိုးသမီးဘက်ကို လှည့်သွားပြီး သူမ ငိုယိုပြီး ရုရှားလို တစ်ခုခုပြောနေတုန်းမှာ အရိုက်ခံနေရတာကို မြင်လိုက်ရတယ်” ဟု ထွက်ဆိုခဲ့သည်။
◾️ ရဲတပ်ဖွဲ့နှင့် ဖုန်းပြောဆို အငြင်းပွားမှု
ဖုန်းလိုင်းပြတ်တောက်သွားပြီးနောက် Barron က လန်ဒန်ရဲတပ်ဖွဲ့ထံ အရေးပေါ်ဖုန်းဆက်၍ အကူအညီတောင်းခံခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဖုန်းလက်ခံသူက လိုအပ်သောအချက်အလက်များကို မေးမြန်းသည့်အခါတွင် နှစ်ဦးကြား အချေအတင် ဖြစ်ပွားခဲ့သည်။
- အော်ပရေတာ: “သူမကို ဘယ်လိုသိတာလဲ”
- Barron: “အဲဒီအချက်တွေက အရေးမကြီးပါဘူး၊ အခု သူမ အရိုက်ခံနေရတာပါ”
- အော်ပရေတာ: “ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ဘဲ ကျွန်မမေးတာကို ဖြေပေးပါ။ ခင်ဗျား တကယ်ကူညီချင်ရင် မေးခွန်းတွေကို တိတိကျကျ ဖြေရပါမယ်”
ထိုသို့အငြင်းပွားခဲ့သော်လည်း Barron ၏ တိုင်ကြားမှုအတွက် ရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၁၈ ရက်တွင် လိပ်စာအတိုင်း သွားရောက်ခဲ့ပြီး လန်ဒန်ရှိ ဟိုတယ်ဧည့်ကြိုအဖြစ် လုပ်ကိုင်နေသူ အသက် ၂၂ နှစ်အရွယ် Rumiantsev ကို ဖမ်းဆီးခဲ့သည်။

◾️ တရားရုံး ကြားနာစစ်ဆေးချက်
Snaresbrook Crown Court တရားရုံးတွင် Rumiantsev အား မုဒိမ်းမှုနှင့် လည်ပင်းညှစ်မှု စွဲချက်များဖြင့် စစ်ဆေးခဲ့သော်လည်း အဆိုပါစွဲချက်များအတွက်မူ အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ လွတ်မြောက်ခဲ့သည်။
တရားခံ၏ ရှေ့နေ Sasha Wass က Barron သည် ထိုအမျိုးသမီးတွင် ရည်းစားရှိသည်ကို မသိရှိခဲ့ကြောင်းနှင့် ၅ စက္ကန့်မှ ၇ စက္ကန့်ခန့်သာ မြင်တွေ့ရသည့် ဗီဒီယိုအပေါ်တွင် မည်မျှအတိုင်းအတာအထိ ယုံကြည်နိုင်မည်နည်းဟု မေးခွန်းထုတ်ခဲ့သည်။ ထို့အပြင် အဆိုပါအမျိုးသမီးသည် သူမ၏ရည်းစားကို မနာလိုဖြစ်စေရန် Barron နှင့် ပတ်သက်မှုကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း ခုခံချေပခဲ့သည်။
ဒေါ်နယ်ထရမ့်နှင့် မီလာနီယာထရမ့်တို့၏ တစ်ဦးတည်းသောသားဖြစ်သူ အသက် ၁၉ နှစ်အရွယ် Barron Trump သည် ဤအမှုတွင် တရားရုံး၌ လာရောက်သက်သေထွက်ဆိုခြင်း မရှိခဲ့ပေ။
ဂျူရီလူကြီးများ အမှုအပေါ် စတင်ညှိနှိုင်းတိုင်ပင်ခြင်းမပြုမီ တရားသူကြီး Bennathan က ၎င်းတို့အား အကြံပြုချက်တစ်ခု ပေးခဲ့သည်။ ၎င်းမှာ Barron Trump ၏ ပြောကြားချက်များ (ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်းကြားထားသည့် အသံမှတ်တမ်းနှင့် စုံစမ်းစစ်ဆေးသူများထံ နောက်ဆက်တွဲပေးပို့ခဲ့သည့် အီးမေးလ်များ) ကို သတိထား၍ သုံးသပ်ကြရန်ဖြစ်သည်။ အကြောင်းမှာ Barron သည် တရားရုံးတွင် တစ်ဖက်ရှေ့နေ၏ အပြန်အလှန်စစ်မေးမှုကို (Cross-examination) ရင်ဆိုင်ခဲ့ရခြင်း မရှိသောကြောင့် ဖြစ်သည်။
“အကယ်၍ သူသာ (တရားရုံးမှာ) သက်သေထွက်ဆိုခဲ့မယ်ဆိုရင်၊ ဖြစ်ပျက်ခဲ့တာတွေကို သေသေချာချာ မြင်ခဲ့ရရဲ့လား၊ အဲဒီအမျိုးသမီး ကိုယ်ထိလက်ရောက် အစော်ကားခံရတာကို တကယ်ပဲ မြင်ခဲ့တာလား၊ ဒါမှမဟုတ် သူမရဲ့ အော်ဟစ်သံတွေကို ကြားပြီးတော့မှ ကိုယ်ပိုင်အယူအဆနဲ့ ကောက်ချက်ချလိုက်တာလား ဆိုတဲ့ မေးခွန်းမျိုးတွေကို သံသယဖြစ်စရာမလိုဘဲ မေးမြန်းခံရမှာ ဖြစ်ပါတယ်” ဟု တရားသူကြီး Bennathan က ပြောကြားခဲ့သည်။ “ဒါ့အပြင် သူဟာ အဲဒီအမျိုးသမီးနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်နေတာကြောင့် သူ့ရဲ့ အမြင်က တစ်ဖက်သတ် ဘက်လိုက်မှု ရှိနေသလားဆိုတာကိုလည်း မေးမြန်းခံရနိုင်ပါတယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။

◾️ နောက်ကွယ်ကအကြောင်းအရင်းများ
တရားခံရှေ့နေ၏ အဆိုအရ Barron သည် ထိုဗြိတိန်အမျိုးသမီးတွင် ရည်းစားရှိသည်ကို မသိခဲ့ဟု ဆိုသည်။ သို့သော် ညည့်နက်သန်းခေါင် FaceTime ခေါ်ခြင်းမှာ သူတို့ကြားက ရင်းနှီးမှုက ရိုးရိုးသားသားမဟုတ်ဘဲ အီစီကလီရိုက်နေသည့် အခြေအနေဆိုသည်ကို ဖြစ်စဉ်အပေါ်စိတ်ဝင်စားသူများကို သိသာစေခဲ့သည်။
အမျိုးသမီးအား Barron က ဗီဒီယိုကောခေါ်စဉ် ဖုန်းကိုင်လိုက်သူက အင်္ကျီဗလာနဲ့ အမျိုးသားတစ်ယောက်ဖြစ်နေသဖြင့် Barron တစ်ယောက် ထိတ်လန့်သွားခဲ့ရသလို “သွေးတွေတောင် ဆူပွက်သွားတယ် (Adrenaline racing)” ဟုပင် ထွက်ဆိုချက်ပေးခဲ့သည်။
တရားခံ၏ရှေ့နေကမူ ကျူးလွန်ခံရသူအမျိုးသမီးသည် Barron Trump နှင့် ရင်းနှီးမှုကို အသုံးချပြီး သူမ၏ရည်းစားကို မနာလိုဖြစ်အောင် တမင်လုပ်ခဲ့သည်ဟု စွပ်စွဲထားပြီး အမှုအခြေအနေတွင် Barron မှာ “အချစ်ဒရာမာ” ကြား ကြားညပ်သွားသည့်အသွင်ဖြစ်ခဲ့သည်။
တစ်ဖက်တွင် တရားခံ Rumiantsev ကိုယ်တိုင်ကလည်း Barron ကို မနာလိုဖြစ်ခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း တစ်ဖက်တွင်မူ “ဒီကောင်မလေးက မင်းကို အသုံးချနေတာ” ဆိုသည့် သဘောမျိုးနှင့် Barron ကိုပင် သနားမိသည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

◾️ နောက်ဆုံးအခြေအနေ
Rumiantsev သည် အမျိုးသမီးထံ ထောင်ထဲမှစာရေးပြီး တရားစွဲဆိုမှုကို ရုပ်သိမ်းရန် ပြောဆိုခဲ့ခြင်းကြောင့် တရားစီရင်ရေးကဏ္ဍကို နှောင့်ယှက်ဖျက်ဆီးမှု (Perverting the course of justice) ဖြင့်လည်း ထပ်မံပြစ်ဒဏ်စီရင်ခြင်း ခံရသည်။ ၎င်းအား လာမည့် မတ်လ ၂၇ ရက်နေ့တွင် ပြစ်ဒဏ်အတည်ပြု သတ်မှတ်မည်ဖြစ်သည်။
Ref : AP
