◾️ ထိုင်းရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က နောက်သုံးလအထိ မြန်မာနိုင်ငံတွင် ဆက်ရှိနေမည်
သက်တံ့
၂၉. ၁. ၂၀၂၆
မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲသည် ပြည်တွင်းနေရာအနှံ့ စစ်ပွဲများဒဏ် ခံစားနေရသည့် ထိုနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးသို့ ဦးတည်နိုင်မည့် “အကူးအပြောင်းကာလ၏ အစ” ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူးမြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး (ASEAN Retreat) အပြီးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ စီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) က သတင်းထောက်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒါဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ အကူးအပြောင်းကာလရဲ့ အစဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအနေဖြင့် တရားဝင် ထုတ်ပြန်ချက် တစ်စုံတစ်ရာ မပြုလုပ်သေးကြောင်းနှင့် မြန်မာနိုင်ငံသို့ စေလွှတ်ထားသော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများသည် နောက်ထပ် သုံးလကြာအထိ ဆက်လက် ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
ယင်းနောက် မိနစ်ပိုင်းအကြာတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စ ထရီဇာ လာဇာရို (Theresa Lazaro) ကလည်း အာဆီယံအဖွဲ့ဝင် အတော်များများတွင် အလားတူ “လက်တွေ့ကျသော” အမြင်များ ရှိကြကြောင်း ပြောဆိုသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ မျှော်လင့်ချက်မှာ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံခြင်းထက် “ဒီရွေးကောက်ပွဲဟာ အကောင်းဘက်ကို ဦးတည်သွားနိုင်မယ့် အချက်တစ်ခု ဖြစ်လာနိုင်မလား” ဆိုသည့် အမြင်ဖြင့် ကြည့်မြင်ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့ပဋိပက္ခနှင့် ပတ်သက်၍ နှစ်နာရီကြာ သီးသန့်ဆွေးနွေးခဲ့ကြပြီး အိမ်နီးချင်း ထိုင်းနိုင်ငံအတွက် ယင်းကိစ္စမှာ အထူးအရေးကြီးကြောင်း မစ္စတာ စီဟာဆက်က “ကျွန်တော်တို့ အားလုံး၊ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ ရွေးကောက်ပွဲအပြီးမှာ တွေ့ဆုံဆွေးနွေးရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ပါပဲ။ အဲဒီကမှတစ်ဆင့် ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်နဲ့ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲများကို ပြေလည်စေရန် အာဆီယံ၏ ကြိုးပမ်းမှုများသည် ၂၀၂၁ ခုနှစ်က သဘောတူခဲ့သော ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံထားသော်လည်း ယနေ့ထက်တိုင် ထူးခြားသည့် ရလဒ် ထွက်ပေါ်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကလည်း ပြီးခဲ့သည့်လအတွင်းက ပြောကြားရာတွင် မြန်မာ့ရွေးကောက်ပွဲ ပထမပိုင်း၌ တပ်မတော်လိုလားသော ပါတီက အပြတ်အသတ် အနိုင်ရသည်ဟု ဆိုသော်လည်း အာဆီယံအနေဖြင့် မည်သည့်အဖွဲ့အစည်းကိုမဆို “အချိန်မတိုင်မီ တရားဝင်မှု ပေးအပ်ခြင်း” မျိုးကို ရှောင်ကြဉ်သွားရန် ပြောဆိုခဲ့သည်။
Ref: AFP Via The Star
