၂၉.၁.၂၀၂၆
Written by Nay Yaung Lin
ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ထုတ်ပြန်ပြီးစာရင်းများအရ တစ်နိုင်ငံလုံးတွင် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အရေအတွက် စုစုပေါင်း ၃၀ ကျော်ရရှိထားကြောင်း ကျားဖြူပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)သည် ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်အမည်များနှင့် အရေအတွက်ကို ထုတ်ပြန်ကြေညာလျက်ရှိရာ ကျားဖြူပါတီသည် UEC ထုတ်ပြန်မှုအရ ကိုယ်စားလှယ် ၃၀ ကျော်ရရှိထားပြီး ထပ်မံထုတ်ပြန်မည့်စာရင်းများ ကြေညာလျှင် ကိုယ်စားလှယ် ၄၀ စွန်းခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကျားဖြူပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစောသန်းမြင့်က “ကျွန်တော်တို့ ကျားဖြူပါတီက UEC က နောက်ဆုံးထုတ်ပြန်မှုအရ အနိုင်ရကိုယ်စားလှယ် ၃၀ ကျော်ရှိပါတယ်။ PR ကိုယ်စားလှယ်တွေ ကျန်ပါသေးတယ်။ အဲဒါတွေထုတ်ပြန်ရင်တော့ ၄၀ စွန်းစွန်းလောက် ရမယ်လို့ ခန့်မှန်းပါတယ်” ဟု ပြောကြားသည်။
ကျားဖြူပါတီအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၇ မြို့နယ် အနိုင်ရရှိထားပြီး အဆိုပါမြို့နယ်များမှာ လင်းခေး၊ ကွန်ဟိန်း၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ သီပေါ၊ မိုင်းကိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(FPTP) အနေဖြင့် မိုင်းကိုင်၊ ကွန်ဟိန်း၊ လဲချား၊ ဆော၊ ထီးလင်း၊ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုးယောင်းတို့တွင် အနိုင်ရရှိထားကြောင်း UEC ၏ ထုတ်ပြန်မှုစာရင်းများအရ ကနဦး သိရသည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃) ပိုင်းခွဲ၍ ကျင်းပခဲ့ပြီး ကျင်းပပြီးစီးခဲ့သည့် မြို့နယ်များ၏ ရွေးကောက်ပွဲရလဒ်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အပိုင်းလိုက် ထုတ်ပြန်ပေးခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်က ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ထုတ်ပြန်ခဲ့သည်။
ဆက်လက်၍ ကျန်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(PR) နှင့် (FPTP)၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(PR) နှင့် (FPTP) များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။



