သတိုး
၂၉. ၁. ၂၀၂၆
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်တွင် ကြာသပတေးနေ့ (ယနေ့) နံနက်ပိုင်းက ထိုင်းဘုရင့်လေတပ် (RTAF) မှ Beechcraft AT-6TH အမျိုးအစား တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသည့် လေသူရဲနှစ်ဦးစလုံး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်ရေးလေယာဉ်ငယ်သည် လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်နေစဉ်အတွင်း ချင်းမိုင်ပြည်နယ်၊ ကျွမ်းထောင် (Chomthong) ခရိုင်၊ ဟွေ့မောင်းဖန်ဆိုင် ကျေးရွာအနီးရှိ တောတွင်းတစ်နေရာသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ထိုင်းလေတပ်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်းသတင်းများတွင် ဖော်ပြသည်။ လေယာဉ် မီးလောင်ပေါက်ကွဲခြင်းမဖြစ်မီ ကျယ်လောင်သော ပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။


ထိုင်းလေတပ် ပြောရေးဆိုခွင့်ရှိသူ လေကြောင်းဗိုလ်ချုပ်ကြီး ချက်ခရစ် သမ်မာဝီချိုင်း (Chakrit Thammavichai) ၏ ပြောကြားချက်အရ အမှတ် (၄၁) လေတပ်စခန်း၊ အမှတ် (၄၁၁) လေသူရဲတပ်ဖွဲ့မှ အဆိုပါလေယာဉ်သည် နံနက် ၁၀:၂၀ နာရီအချိန်တွင် တိုက်ပွဲဝင် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုပြုလုပ်နေစဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လေယာဉ်ပျက်ကျမှုကြောင့် ဒေသခံပြည်သူများနှင့် အိမ်ခြေအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိကြောင်း ၎င်းက အတည်ပြုသည်။
သေဆုံးသွားသည့် လေသူရဲနှစ်ဦးမှာ လေသူရဲသင်တန်းဆရာဖြစ်သည့် ပျံသန်းရေးဗိုလ် စမ်မာချာ ခွန်မတ် (Flight Lt. Sammacha Khunmas) နှင့် ပြန်တမ်းဝင်အရာရှိ ကော်ရာဝစ် ဂျန်ကစ် (Flight Officer Korawit Jenkit) တို့ဖြစ်ကြပြီး တာဝန်ထမ်းဆောင်နေစဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်။

ယခုပျက်ကျသည့် အမေရိကန်အခြေစိုက် Beechcraft (ယခုအခါ Textron Aviation ၏ လက်အောက်ခံကုမ္ပဏီ) က ထုတ်လုပ်သည့် AT-6TH အမျိုးအစား အပေါ့စားတိုက်ခိုက်ရေးလေယာဉ်သည် ထိုင်းလေတပ်အတွင်း တာဝန်ထမ်းဆောင်သည်မှာ တစ်နှစ်ပင် မပြည့်သေးသည့် လေယာဉ်အသစ်စက်စက်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်၏ စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။
အဆိုပါလေယာဉ်ကို ဆယ်စုနှစ်နှင့်ချီ၍ အသုံးပြုခဲ့သည့် L-39 ZA/ART အဆင့်မြင့်လေ့ကျင့်ရေး ဂျက်လေယာဉ်များနေရာတွင် အစားထိုးရန် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်မှ တာဝန်စတင်ထမ်းဆောင်စေခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် AT-6TH လေယာဉ် စုစုပေါင်း ၁၂ စင်း ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ၈ စင်းနှင့် ၂၀၂၂ ခုနှစ်တွင် ၄ စင်း မှာယူခဲ့ခြင်းဖြစ်သည်။ ထို့အတူ လေယာဉ်များဝယ်ယူပြီးနောက် ထိုင်းလေတပ်၏ ပထမဆုံးသော AT-6TH လေသူရဲ ၈ ဦးကို အမေရိကန်နိုင်ငံသို့ စေလွှတ်ကာ ပျံသန်းမှုစနစ်၊ လက်နက်တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းများကို တက်ရောက်စေခဲ့သည်။ သေဆုံးသူများအပါအဝင် အဆိုပါလေသူရဲအားလုံးသည် သင်တန်းဆရာနှင့် စမ်းသပ်မောင်းနှင်သူ လေသူရဲလက်မှတ်များ ရရှိထားသူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးလျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ပေးမည်ဟု ထိုင်းလေတပ်က ပြောကြားထားသည်။
Ref: Bangkok Post & Khaosod
