

နေမိုး
၂၁. ၁. ၂၀၂၆
နွေဦးတော်လှန်ရေးစတင်စ RCSS ဗိုလ်ချုပ်ကြီးယွက်ဆစ်က နိမိတ်ဖတ်ခဲ့သည့် PDF များ ဓားပြဖြစ်လာမည်ဟူသော စကားထက်ဆိုးရွားစွာ NUG ဩဇာခံ PDF များက မူးယစ်ဆေးဖြန့်ဖြူးမှု၊ လူသတ်၊ လုယက်၊ ပြန်ပေးဆွဲခြင်းနှင့် မုဒိမ်းမှု ကျူးလွန်လာမှုများကြောင့် PDF လူငယ်အချို့က လက်နက်ကိုင်လမ်းစဥ်ကို လက်မခံတော့ဘဲ တပ်ပြေးခြင်းနှင့် အလင်းဝင်ခြင်းများ ပြုလုပ်လာကြသလို ယခုလည်း မွန်ပြည်တော်လှန်ရေးတပ်မှ PDF လက်နက်ကိုင်လူငယ် ၁၄ ဦးလည်း တပ်မှထွက်ပြေးသွားကြသည်ဟု မွန်ပြည်တော်လှန်ရေးတပ်က ဝန်ခံချက်ထုတ်ပြန်ထားသည်။
လူထုကို လက်နက်အားကိုးနှိပ်စက်ကာ မြို့သိမ်းတိုက်ပွဲများဖြင့် မြို့ဖျက်နေသော လက်နက်ကိုင်လမ်းစဥ်ကို မယုံကြည်တော့သဖြင့် မွန်ပြည်တော်လှန်ရေးတပ်မှ ထွက်ပြေးသွားသူများမှာ ရဲဘော် နိုင်ဇွဲအောင် (M/6419)၊ နိုင်ထွီး (ခ) အပေါ (M/6445)၊ နိုင်ထွန်အေး (M/6504)၊ နိုင်စန်းအေး (M/6376)၊ နိုင်ပညာ (M/6399)၊ နိုင်သိုက်ထော (M/6400)၊ နိုင်အောင်ချမ်း (M/6386)၊ နိုင်ခါရ (M/6423)၊ နိုင်ဉာဏ်သိုက် (M/6493)၊ နိုင်အောင်းနွန် (M/6494)၊ နိုင်မင်းထွန်း (M/6440)၊ နိုင်အောင်းဇန (M/6448)၊ နိုင်ဟောင်းချမ်း (ခ) မင်ဂလွမ် (M/6411)၊ နှင့် နိုင်ဒင် (M/6468)တို့ဖြစ်သည်ဟုလည်း မွန်ပြည်တော်လှန်ရေးတပ်က ဝန်ခံပြီး ထိုတပ်ပြေးများတွင် အရာရှိအဆင့်အချို့လည်း ပါဝင်သည်။
ထို မွန် PDF များသည် ၂၀၂၄ ခုနှစ်အတွင်းမှ ၂၀၂၆ ခုနှစ်အတွင်း ထွက်ပြေးခဲ့ကြသူများဖြစ်ပြီး တပ်ပြေးဖြစ်စဥ်မှာမူ သတ်မှတ်ခွင့်ရက်အတွင်း တပ်ရင်းသို့ ပြန်လာမှုမရှိခြင်းနှင့် ရှေ့တန်း၊ နောက်တန်းတို့တွင် တာဝန်ထမ်းဆောင်နေစဥ် တပ်မှ ထွက်ပြေးခဲ့ကြသည့် တပ်ပြေးများဖြစ်သည်ဟုလည်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဝန်ခံထားသည်။
မွန်ပြည်တော်လှန်ရေးတပ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကမှ စတင်ထူထောင်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ လက်အောက်ခံတပ်လည်းဖြစ်ပြီး MSRF ထူထောင်ပြီးစကတည်းကပင် မွန် PDF များ တပ်ပြေးနေကြခြင်းဖြစ်သည်။
တပ်မတော်က PDF များ အလင်းဝင်နိုင်ကြောင်း ကြေညာပြီးကတည်းက PDF ၁၀၀၀ ကျော် အလင်းဝင်ခဲ့သလို ထိုအထဲတွင် ကချင်၊ ကရင်၊ ချင်း၊ မွန် စသည့် တိုင်းရင်းသားလက်နက်ကိုင် အများအပြားလည်း ပါဝင်ခဲ့သည်။
