သတိုး
၂၁. ၁. ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်သည် ဇန်နဝါရီ ၂၃ ရက်အထိ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် သွားရောက်ခဲ့သော်လည်း စီးနင်းလာသည့် Air Force One လေယာဉ်၏ လေယာဉ်ပိုင်းဆိုင်ရာ နည်းပညာချို့ယွင်းမှုကြောင့် လေယာဉ်အား အန်ဒရူးစ် လေတပ်အခြေစိုက်စခန်း (Joint Base Andrews) သို့ ပြန်လှည့်ခဲ့ရသော်လည်း ယခုအခါ အရန်လေယာဉ်တစ်စင်းဖြင့် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့သို့ ပြန်လည်ထွက်ခွာနေပြီဖြစ်သည်။
ဖြစ်စဉ်အသေးစိတ်မှာ အင်္ဂါနေ့ညနေပိုင်းက Air Force One လေယာဉ် ပျံသန်းနေစဉ်အတွင်း “လျှပ်စစ်ပိုင်းဆိုင်ရာ အသေးစားချို့ယွင်းမှု” တစ်ခုဖြစ်ပွားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။ ထို့အတွက် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုသောအားဖြင့် လေယာဉ်ကို ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လေယာဉ်ခြေရာခံဒေတာ (ADS-B Exchange) များအရ Air Force One လေယာဉ်သည် ပျံသန်းချိန် တစ်နာရီကျော်အကြာတွင် နယူးယောက်မြို့၊ Long Island အရှေ့ဘက်စွန်း အတ္တလန္တိတ်သမုဒ္ဒရာအထက်၌ လမ်းကြောင်းပြောင်း ပြန်လှည့်လာခဲ့ခြင်းဖြစ်သည်။

Air Force One လေယာဉ်သည် မေရီလန်းပြည်နယ်သို့ ည ၁၁ နာရီခန့်တွင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး၊ တစ်နာရီခန့်အကြာတွင် သမ္မတထရမ့်ပ်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) သို့ တက်ရောက်ရန် ဒါးဗို့စ်သို့ အရန်လေယာဉ်တစ်စင်းဖြင့် ထပ်မံထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်အပြောင်းအလဲပြုလုပ်စဉ်အတွင်း ဝန်ထမ်းများသည် ခရီးဆောင်အိတ်များ၊ သစ်သီးသေတ္တာများ၊ အသားညှပ်ပေါင်မုန့်များနှင့် ဖျော်ရည်များကို လေယာဉ်တစ်စင်းမှ တစ်စင်းသို့ အလျင်အမြန် ပြောင်းရွှေ့ခဲ့ကြရကြောင်း သမ္မတနှင့်အတူ လိုက်ပါလာသည့် သတင်းထောက်များက ပြောကြားသည်။
“Air Force One” ဆိုသည်မှာ အမေရိကန် သမ္မတစီးနင်းလိုက်ပါလာသည့် မည်သည့်လေယာဉ်ကိုမဆို ခေါ်ဆိုသည့် အချက်ပြအမည် (Call Sign) သာဖြစ်ပြီး လေယာဉ်၏အမည်မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလကလည်း ယူကေခရီးစဉ်အတွင်း ဟယ်လီကော်ပတာ ဟိုက်ဒရောလစ် ချို့ယွင်းမှုကြောင့် အရန်ယာဉ် ပြောင်းစီးခဲ့ရဖူးသည်။

လက်ရှိအသုံးပြုနေသော Boeing 747 လေယာဉ်များသည် သက်တမ်း ၃၅ နှစ်ကျော်နေပြီဖြစ်သည်။ လေယာဉ်အသစ်များ အစားထိုးရန် ကြန့်ကြာနေမှုအပေါ် ထရန့်က စိတ်ပျက်နေပြီး Boeing ကုမ္ပဏီမှာလည်း ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျမှုများရှိနေသည်။ မျိုးဆက်သစ် လေယာဉ်များကို ၂၀၂၈ ခုနှစ်လယ်ပိုင်းတွင်မှ ရရှိနိုင်မည်ဟု ခန့်မှန်းရသည်။
ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံမှ ထရမ့်ပ်ကို လက်ဆောင်ပေးထားသည့် ဂျက်လေယာဉ်ကို Air Force One အဖြစ် အသုံးပြုနိုင်ရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်။ ယင်းအပေါ်တွင် ဥပဒေကြောင်းအရ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မြင့်တက်နေသော်လည်း ထရမ့်ပ်ကမူ နောက်လတွင် ထိုလေယာဉ်ကို စတင်အသုံးပြုနိုင်တော့မည်ဟု ပြောကြားထားသည်။
Air Force One လေယာဉ်များမှာ သက်တမ်းရင့်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် လမ်းကြောင်းပြောင်းရခြင်းမှာ အလွန်ရှားပါးသည်။ နောက်ဆုံးအကြိမ်အဖြစ် ၂၀၀၆ ခုနှစ်က သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးသို့ ရောက်ရှိနေစဉ် စက်ချို့ယွင်းမှုကြောင့် အရန်လေယာဉ် ပြောင်းစီးခဲ့ရဖူးသည်။

အမေရိကန်လေတပ်သည် သမ္မတသယ်ယူပို့ဆောင်ရေး အစီအစဉ်အတွက် ဂျာမနီ Lufthansa လေကြောင်းလိုင်းမှ Boeing လေယာဉ်နှစ်စင်းကို ထပ်မံဝယ်ယူရန် ပြီးခဲ့သည့်လက ကြေညာခဲ့သည်။ လေယာဉ်အသစ်များအတွက် စာချုပ်တန်ဖိုးမှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံကျော်အထိ ရှိနေပြီဖြစ်သည်။
Source Reference: CNN
