နေမိုး
၂၁. ၁. ၂၀၂၆
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းခံရသည့် ပြည်ခိုင်ဖြိုးပါတီဝင်အား ကိုယ်စားလှယ်အဖြစ် ကြေညာထားခြင်းမှ ပြန်လည် ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်ထုတ်ပြန်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၂၃ / ၂၀၂၆ ) ဖြင့် ထုတ်ပြန်ကြေညာချက်တွင်” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၂၁ /၂ဝ၂၆ ) ဖြင့် ကချင်ပြည်နယ်၊ မံစီမြိုနယ်ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့်အတွက် ၂-၁-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁/၂၀၂၆ ) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် မံစီမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကွမ်ဆန်း ( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ) အား မံစီမြိုနယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်ကြောင်း ကြေညာလိုက်သည်။”ဟု ဖော်ပြထားသည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းမရှိသဖြင့် အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ၃၂ ဦးခန့်ရှိပြီး မံစီမြို့နယ်မှ ဦးကွမ်ဆန်းသည်လည်း ကနဦး ရွေးကောက်ပွဲနယ်မြေကြေညာချက်အရ ပြိုင်ဘက်မရှိ ကိုယ်စားလှယ်ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ကချင်ပြည်နယ်၊ မံစီမြိုနယ်ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်အား ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်လိုက်သဖြင့် ဦးကွမ်ဆန်းမှာ ကိုယ်စားလှယ်အဖြစ်မှ ပျက်ပြယ်သွားခဲ့ခြင်းဖြစ်သည်။
