


၂၁ .၁ .၂၀၂၆
Written by Thiri
ပြင်ဦးလွင်မြို့ရဲ့ ဆောင်းတွင်းမနက်အစောပိုင်းမှာ မွေးကင်းစ ရက်သားကလေးငယ်တစ်ဦးကို ထမင်းဆိုင်ရှေ့ စွန့်ပစ်သွားမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
စွန့်ပစ်ခံရတဲ့ ကလေးငယ်က ယောကျ်ားလေးဖြစ်ပြီး၊ စွန့်ပစ်ခံရတဲ့နေရာက ပြင်ဦးလွင်မြို့၊ အေလမ်းထိပ်၊ရပ်ကွက်ကြီး (၁) ရှိ၊ ထိပ်တန်းထမင်းဆိုင်အနီး လမ်းဘေးတစ်နေရာမှာလို့ သိရပါတယ်။ ကလေးအသုံးအဆောင်ပစ္စည်း အစုံနဲ့ နွေးနွေးထွေးထွေးထားခဲ့ခံရတဲ့ ကလေးငယ်ကို ထမင်းဆိုင်နဲ့ အနီးအနားလမ်းသွားလမ်းလာတချို့က စတင်တွေ့ရှိပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
အဆိုပါ ရက်သားကလေးငယ်လေးကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ သန္တိသုခ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကလေးကျန်းမာရေးကိုက အခုထိ စစ်ဆေးနေတုန်းပါ။ ပြင်ဦးလွင်ဆေးရုံကြီးက ကလေးဆောင်မှာ ထား ထားပါတယ်။ ဘယ်အချိန်က စွန့်ပစ်သွားမှန်းမသိ ပေမယ့် စတင်မြင်တာကတော့ မနက် ၇ နာရီလောက်ပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
