◾ ကျပ်သိန်း ၁၀၀ ကျော်အထိ အဆမတန်မြင့်တက်နေသော ရွှေဈေးနှုန်းအား ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များရှိပြီးဖြစ်၍ ရွေးကောက်ပွဲပြီးပါက ပုံမှန်ဈေးနှုန်းအတိုင်းပြန်ကျဆင်းသွားမည်ဟု YGEA ဥက္ကဋ္ဌ ပြောကြား
၂၁. ၁. ၂၀၂၆
Written by Nyein Kyaw
လက်ရှိတွင် ကျပ်သိန်း ၁၀၀ ကျော်အထိ အဆမတန်မြင့်တက်နေသော ရွှေဈေးနှုန်းအား ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များရှိပြီးဖြစ်၍ ရွေးကောက်ပွဲပြီးပါက ပုံမှန်ဈေးနှုန်းအတိုင်း ပြန်ကျဆင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က MT News သို့ ပြောကြားသည်။
ဈေးနှုန်းဆွဲတင်မှုများကြောင့် လက်ရှိတွင် ပြည်တွင်းရွှေဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိရာ ယမန်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၀,၀၆၀,၀၀၀အထိ မြင့်တက်ခဲ့ပြီး ဈေးနှုန်းပိတ်သိမ်းချိန်တွင် ကျပ် ၉,၉၉၀,၀၀၀ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့ နံနက် ဈေးနှုန်းစတင်ဖွင့်ချိန်တွင် ကျပ် ၁၀,၀၂၀,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။
ယင်းကဲ့သို့ ရွှေဈေးနှုန်း အဆမတန်မြင့်တက်နေမှုများကြောင့် ရွှေဆိုင်များအား သတ်မှတ်ရည်ညွှန်းရွှေဈေးနှုန်းဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသည့်အပြင် ဈေးကွက်ပေါက်ဈေး မဟုတ်သည့်အတွက် အရောင်းအဝယ်ပြုလုပ်ရန် အဆင်မပြေ၍ ရွှေဆိုင်တချို့လည်း ရပ်နားထားကြောင်း သိရသည်။
“အမှန်က ရောင်းချင်တဲ့သူက ဈေးတစ်မျိုး ဆွဲတင်တယ်။ ပြန်ဝယ်ချင်တဲ့သူက ဈေးတစ်မျိုးဆွဲချတယ်။ အဲဒါမျိုးပေါ့။ အခုလောလောဆယ်ကတော့ ဈေးကွက်မှာကလည်း အရောင်းအဝယ်အေးနေပါတယ်။ တချို့ဆိုင်တွေ တော်တော်များများလည်း ရပ်ထားပါတယ်။ ဒီဈေးနှုန်းတွေနဲ့ အရောင်းအဝယ်လုပ်လို့ အဆင်မပြေပါဘူး။ ဈေးစောင့်နေပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။
ထို့အပြင် ပြည်တွင်းရွှေဈေးနှုန်း အဆမတန်မြင့်တက်နေမှုအား ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များရှိပြီးဖြစ်ကာ ရွေးကောက်ပွဲကာလပြီးစီးပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်ပြီးစီးချိန် ရွှေဈေးနှုန်း ပုံမှန်ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းသို့ ပြန်လည်ကျဆင်းလာမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လူကြီးတွေအပိုင်းကြတော့ ရွေးကောက်ပွဲရှိနေတဲ့အတွက် ဒါကို တင်းတင်းကြပ်ကြပ် ကျွန်တော်တို့ မဆောင်ရွက်သေးတာပါ။ စီမံချက်တွေအားလုံးတော့ရှိပါတယ် ခင်ဗျ။ ရွေးကောက်ပွဲပြီးသွားရင်တော့ သူဟာနဲ့သူအကုန်လုံး ပုံမှန်ဈေးအတိုင်းပြန်ဖြစ်သွားမှာပါ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ယနေ့တွင် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး)သည် ကျပ်သိန်း ၆၀ ဖြစ်၍ ပြင်ပဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သော ရွှေဈေးနှုန်းထက် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ ကျော်၊ ရည်ညွှန်းစျေးထက် ၆၆ ဒသမ ၆ ရာခိုင်နှုန်းကျော်အထိ အဆမတန် မြင့်တက်နေသည်ဟု သိရသည်။
ပြည်တွင်းရွှေဈေးနှုန်းသည် ဒီဇင်ဘာလ တတိယအပတ်မှစတင်၍ ကျပ်သိန်း ၉၀ သို့ စတင်ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်တွင် ကျပ် ၉၉ သိန်းအထိလည်းကောင်း၊ ဇန်နဝါရီ ၂၀ ရက် (ယမန်နေ့)တွင် ကျပ်သိန်း ၁၀၀ ကျော်အထိလည်းကောင်း ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ ဈေးနှုန်းစတင်ဖွင့်ချိန်တွင် ကျပ် ၁၀,၀၂၀,၀၀၀ ဖြစ်ပေါ်လျက်ရှိသည်။
