သက်တံ့
၂၁. ၁. ၂၀၂၆
နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းထက်မနည်းကို အစ္စလာမ္မစ်အစွန်းရောက်လက်နက်ကိုင်ဂိုဏ်းများက ဝင်ရောက်စီးနင်းခဲ့ပြီး ဝတ်ပြုကိုးကွယ်နေသူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း သိရသည်။
နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်နှင့် မူဆလင်ဘာသာဝင် နှစ်ဖက်စလုံးအပေါ် ခွဲခြားမှုမရှိဘဲ သက်ရောက်နေသည့် ပြည်တွင်းပဋိပက္ခများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
နိုင်ဂျီးရီးယား ခရစ်ယာန်အသင်းတော်များအဖွဲ့ (CAN) ၏ ခေါင်းဆောင်တစ်ဦးက တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ဘုရားကျောင်းနှစ်ကျောင်းမှ ဝတ်ပြုသူ ၁၆၃ ဦး ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

“တိုက်ခိုက်သူတွေဟာ အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး ဘုရားကျောင်းအဝင်ဝတွေကို ပိတ်ဆို့ကာ ဝတ်ပြုနေသူတွေကို တောထဲကို အတင်းအဓမ္မ မောင်းထုတ်ခေါ်ဆောင်သွားတာပါ” ဟု နိုင်ဂျီးရီးယားမြောက်ပိုင်း ခရစ်ယာန်အသင်းတော်များအဖွဲ့ အကြီးအကဲ သာသနာပိုင် ဂျိုးဆက်ဟေယပ် (Reverend Joseph Hayab) က တနင်္လာနေ့တွင် ပြောကြားသည်။
၎င်း၏အဆိုအရ မူလက ၁၇၂ ဦး ဖမ်းဆီးခံရသော်လည်း ၉ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သဖြင့် လက်ရှိတွင် ၁၆၃ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Usman Danlami Stingo ကမူ တနင်္ဂနွေနေ့ ဝတ်ပြုပွဲအတွင်း သီးခြားတိုက်ခိုက်မှု ၃ ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံရသူအရေအတွက်မှာ ၁၆၈ ဦးအထိ ရှိနိုင်ကြောင်း AP သတင်းဌာနသို့ ပြောကြားထားသည်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခေတ်မီလက်နက်များ ကိုင်ဆောင်ထားသည့် သေနတ်သမားများသည် ဘုရားကျောင်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ အတည်ပြုခဲ့သော်လည်း ဖမ်းဆီးခံရသူအရေအတွက်ကိုမူ အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုသည် ခရစ်ယာန်အများစုနေထိုင်ရာ တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကူမင်ဝါလီ (Kurmin Wali) ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိုဒေသသို့ စေလွှတ်ထားပြီး ပြန်ပေးဆွဲခံရသူများကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဇန်နဝါရီ ၁၈ ရက်က ဖြစ်ပွားခဲ့သော ယခုပြန်ပေးဆွဲမှုတွင် ပြန်ပေးဆွဲခံရသူများမှာ ယနေ့ ဇန်နဝါရီ ၂၁ ရက်နံနက်အထိ လွတ်မြောက်လာခြင်း မရှိသေးသလို လုံခြုံရေးတပ်ဖွဲ့ဝင်များက တောထဲ လိုက်လံရှာဖွေနေဆဲအခြေအနေသာဖြစ်သည့်အပြင် ပြန်ပေးဆွဲသွားသည့်အဖွဲ့များဆီမှလည်း ငွေတောင်းခံခြင်း သို့မဟုတ် အဆက်အသွယ်လုပ်လာခြင်း မရှိသေးချေ။
နိုင်ဂျီးရီးယား အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အရောက်အပေါက်နည်းသည့် ကျေးရွာများကို ရာဇ၀တ်ဂိုဏ်းများ သို့မဟုတ် “ဓားပြ” များက စီးနင်းတိုက်ခိုက်လေ့ရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ကာဒူနာပြည်နယ်နှင့် ထိစပ်နေသည့် နိုင်ဂျာပြည်နယ်ရှိ ကက်သလစ်ကျောင်းတစ်ကျောင်းမှ ကျောင်းသားနှင့် ဆရာ ၃၀၀ ကျော် ပြန်ပေးဆွဲခံခဲ့ရပြီး သီတင်းပတ်အနည်းငယ်အကြာတွင်မှ နှစ်သုတ်ခွဲ၍ ပြန်လည်လွတ်မြောက်လာခဲ့သည်။
နိုင်ဂျီးရီးယားရှိ ပြန်ပေးဆွဲမှုအများစုမှာ ငွေညှစ်ရန်အတွက်ဖြစ်ပြီး ရရှိလာသည့်ငွေများကို အခြားရာဇ၀တ်မှုများ လုပ်ဆောင်ရန်နှင့် ကျေးရွာများကို ထိန်းချုပ်ရန် အသုံးပြုကြသည်။ ၂၀၂၄ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ပြန်ပေးဆွဲမှုလုပ်ငန်းများမှ ရရှိသည့် အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၆ သန်းခန့်အထိ ရှိလာကြောင်း SBM အကြံပေးအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ယခုဖြစ်စဉ်ဖြစ်ပွားရာ ကာဒူနာပြည်နယ်၊ ကာဂျူရူ (Kajuru) ခရိုင်သည် ခရစ်ယာန်လယ်သမားများနှင့် ဖူလာနီမူဆလင် နွားကျောင်းသားများအကြား ပဋိပက္ခများ မကြာခဏဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်။ အဆိုပါ အကြမ်းဖက်မှုများသည် လူမျိုးရေးနှင့် ဘာသာရေးပုံစံ ပေါက်နေသော်လည်း အဓိကအားဖြင့် မြေယာပိုင်ဆိုင်မှုနှင့် သယံဇာတ ရှားပါးမှုအပေါ် အခြေခံခြင်းဖြစ်သည်ဟု ဆိုကြသည်။
နိုင်ဂျီးရီးယားလူဦးရေသည် မူဆလင် ၅၆ ရာခိုင်နှုန်းခန့်နှင့် ခရစ်ယာန် ၄၃ ရာခိုင်နှုန်းခန့် ကွဲပြားလျက်ရှိပြီး ခရစ်ယာန်အများစုမှာ တောင်ပိုင်းတွင်နေထိုင်ကာ မူဆလင်အများစုမှာ မြောက်ပိုင်းတွင် နေထိုင်ကြသည်။ ကျွမ်းကျင်သူများကမူ နိုင်ဂျီးရီးယားပဋိပက္ခများတွင် ခရစ်ယာန်နှင့် မူဆလင်နှစ်ဖက်စလုံး ပစ်မှတ်ထားခံနေရပြီး ယင်းကို ဘာသာရေးစစ်ပွဲဟု ရိုးရှင်းစွာသတ်မှတ်ရန် ခက်ခဲကြောင်း ထောက်ပြကြသည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် အထူးအလေးပေး ပြောကြားခဲ့ဖူးသည်။ နိုင်ဂျီးရီးယားအစိုးရကမူ ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားနေသော လုံခြုံရေးအကျပ်အတည်းကို “ခရစ်ယာန်ဘာသာဝင်များကို လူမျိုးတုံးသတ်ဖြတ်မှု” (Christian Genocide) ဟု သတ်မှတ်ခြင်းကို ငြင်းဆိုထားသည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များဖြစ်သည့် IS နှင့် Boko Haram တို့ အဓိကလှုပ်ရှားနေပြီး ထိုလှုပ်ရှားမှုများကြောင့်ပင် “ခရစ်ယာန်ဘာသာဝင်များကို လူမျိုးတုံးသတ်ဖြတ်မှု” (Christian Genocide) ဟု သတ်မှတ်ခံနေရခြင်းဖြစ်သလို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက အမေရိကန်သည် နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်း ဆိုကိုတို (Sokoto) ပြည်နယ်ရှိ IS အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Ref : Reuters, AP & AFP
