
၂၁.၁.၂၀၂၅
Written by KL
လက်သည်းအခြောက်ခံစက်ကို မီးမပိတ်မိရာမှ အလှပြင်ဆိုင်တစ်ဆိုင်တစ်ဆိုင် မီးလောင်မှု ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊(၉) ရပ်ကွက်၊ နဝရတ်(၄)လမ်းရှိ ရွှေခေတ် Beauty Saloon တွင် ဇန်နဝါရီလ ၂၀ ရက် ည ၉ နာရီ ၃၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ သွပ်မိုးကာ အုတ်ကာပြီး၊ ကွန်ကရစ်ခင်းထားသော ငါးခန်းတွဲ ၊ နှစ်ထပ်အဆောက်အအုံ၏ ညာဘက်အစွန် ဘေးနှစ်ခန်းတွဲရှိ အလှပြင်ဆိုင်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ပိတ်ခဲ့သော်လည်း လက်သည်းအခြောက်ခံစက်မပိတ်ဘဲ ထားခဲ့မိရာမှ စက်အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်များအရ သိရသည်။
၁၀ မိနစ်ခန့်သာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် လက်သည်းအခြောက်ခံစက်၊ ဆိုဖာခုံနှင့် အလှပြင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် လေးစီး၊ ရေသယ်ယာဥ် နှစ်စီး၊ အထောက်အကူပြုယာဥ် တစ်စီး၊ ကွပ်ကဲမှုယာဥ် တစ်စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
အလှပြင်ဆိုင်မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၂၈ နှစ်အရွယ် ဆိုင်ရှင် အမျိုးသားကို သာကေတနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
