



၂၁.၁.၂၀၂၆.
Translated by Htwe Ko Tun
စပိန်နိုင်ငံ တောင်ပိုင်း ကော်ဒိုဘာပြည်နယ်၊ အဒါမတ်ဇ်မြို့အနီးမှာ လူ ၄၂ ဦး သေဆုံးခဲ့ရတဲ့ မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိမှု ဖြစ်ပွားပြီးလို့ နှစ်ရက်အကြာမှာပဲ ဘာစီလိုနာမြို့အနီးမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းပေါ် အတားအဆီးနံရံတစ်ခု ပြိုကျခဲ့လို့ ခရီးသည်တင် ရထားတစ်စင်း လမ်းချော်ခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ခရီးသည်လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့မှု တစ်ရပ် ဇန်နဝါရီလ ၂၀ ရက်မှာဖြစ်ပွားခဲ့ရပြန်တယ်လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြော ကြားခဲ့ပါတယ်။
ကက်တလိုးနီးယားဒေသ မီးသတ်ဌာနမှ စစ်ဆေးရေးမှူး ကလောဒီ ဂါလာဒိုက အချင်းဖြစ်ပွားရာနေရာမှ ပြောကြားချက်တွေကို ရုပ်မြင်သံကြားမှ လွှင့်ထုတ်ခဲ့ရာမှာ ရထားလမ်းချော်မှုမှာ စုစုပေါင်း လူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်ကာ ရထားမောင်းကတော့ သေဆုံးသွားတယ်လို့ဆိုပါတယ်။
ခရီးသည်အားလုံးကို ရထားပေါ်မှ ကယ်ဆယ်ရွှေ့ပြောင်းပေးပြီးပြီလို့လည်း သူက ပြောကြားခဲ့ပါတယ်။
အရေးပေါ်ဝန်ဆောင်မှုအာဏာပိုင်တွေက ဘာစီလိုနာမြို့ဆင်ခြေဖုံးရှိ ဂီလီဒါ အရပ်မှာဖြစ်ပွားခဲ့တဲ့ အဆိုပါ ရထားလမ်းချော်တဲ့နေရာကို အရေးပေါ်လူနာတင်ယာဉ် ၂၀ စီးနဲ့အတူ မီးသတ်သမား ၃၈ ဦးကို စေလွှတ်ခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဆင်ခြေဖုံးရထားလမ်းချော်မှုမှာ ရထားဝန်ဆောင်မှုများ ရန်ပုံငွေမလုံလောက်မှုကြောင့် မကြာခဏဖြစ်ပွားလေ့ရှိသော နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်ညကပဲ သီးခြားဖြစ်ရပ်တစ်ခုမှာ ဘာစီလိုနာမြို့ ရထားလမ်းကွန်ရက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဂီရိုနာ မြို့တောင်ဘက်ရှိ ဘလိန်းစ်နဲ့ မာကာနက်-မတ်စ်စိန်း အရပ်တို့အကြား ရထားလမ်းဝင်ရိုးတစ်ခု လမ်းကြောင်းမှ ပြုတ်ထွက်ခဲ့လို့ရထားအသွားအလာရပ်တန့်သွားခဲ့ရတယ်လို့ စပိန်ရထားလုပ်ငန်း Adif က လူမှုမီဒီယာမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။
Ref-SCMP
