၁၇.၁.၂၀၂၆
Translated by Htwe Ko Tun
အီရန်နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၂,၈၈၅ ဦး အပါအဝင် သေဆုံးသူ ၃,၀၉၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း နိုင်ငံရဲ့ အသေအပျောက်အများဆုံး မငြိမ်မသက်မှုဖြစ်လာရတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းဌာန (HRANA) က အတည်ပြုခဲ့တာကို ရိုက်တာသတင်းဌာနက ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းမှုတွေနဲ့အတူ လောလောဆယ်မှာ အများစု ငြိမ်သက်သွားကြပုံရပြီး နိုင်ငံပိုင်မီဒီယာတွေက ဖမ်းဆီးမှုတွေ ပိုမိုများပြားလာတယ်လို့ ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်တာနက်စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့တွေက နိုင်ငံတစ်ဝန်း ရှစ်ရက်ကြာ မီးပြတ်တောက်ပြီးနောက် အင်တာနက်ဆက်သွယ်မှုမှာ အနည်းငယ် မြင့်တက်လာတယ်လို့ ပြောခဲ့ကြပါတယ်။



ရိုက်တာသတင်းဌာနရဲ့ အဆိုအရ အတိုက်အခံအဖွဲ့တွေနဲ့ အီရန်အရာရှိတစ်ဦးက သေဆုံးသူဦးရေ ၃,၀၀၀ ကျော်ရှိသွားပြီဖြစ်ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံး ပြည်တွင်းအကြမ်းဖက်မှုလို့ ခေါ်ဆိုခဲ့ပါတယ်။ စီးပွားရေးအခက်အခဲတွေကြောင့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ခဲ့တဲ့ဆန္ဒပြမှုတွေက အီရန်ရဲ့ ဘာသာရေးခေါင်းဆောင်တဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ကျယ်ပြန့်သော စုဝေးမှုများအဖြစ် ကြီးထွားလာခဲ့ပြီး အကြမ်းဖက်မှုတွေက ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းမှာ အထွတ်အထိပ်ကို မြင့်တက်လာပါတယ်။
ဆန္ဒပြမှုတွေက အီရန်နိုင်ငံရဲ့ ယိုယွင်းနေတဲ့စီးပွားရေးကြောင့် စတင်ခဲ့ရာက ဘာသာရေးခေါင်းဆောင်တွေက အုပ်ချုပ်တဲ့စနစ်အပေါ် ပွင့်လင်းတဲ့စိန်ခေါ်မှုတွေအဖြစ် အလျင်အမြန် ပြောင်းလဲလာခဲ့တာပါပဲ။
ဈေးနှုန်းတွေမြင့်တက်လာတာနဲ့ အလုပ်အကိုင် မလုံခြုံမှုတွေကြောင့် ဒေါသထွက်နေတဲ့ ကုန်သည်တွေ၊ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ပြနေထိုင်သူတွေဟာ တီဟီရန်၊ မက်ရှ်ဟတ်နဲ့ အစ်ဖာဟန်တို့ အပါအဝင် အဓိကမြို့ကြီးတွေရဲ့ လမ်းတွေပေါ် ရောက်ရှိလာခဲ့ကြတာပါပဲ။
ဆန္ဒပြသူတွေဟာ အသက် ၈၆ နှစ်အရွယ် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ကြပြီး တီဟီရန်မှာ သူ့ကို သေဒဏ်ပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ရိုက်တာသတင်းဌာနမှ ဆက်သွယ်မေးမြန်းချက်တွေအရ တီဟီရန်မှာ ပြီးခဲ့တဲ့ လေးရက်အတွင်း တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ သိရပါတယ်။
Ref : Reuters
