




၁၇.၁.၂၀၂၆
Written By Thandar
ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီး ခိုင်နှင်းဝေက မသန်စွမ်း ကလေးတွေအတွက် အဓိကရည်ရွယ်ပြီး “ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာ” အသစ်ဖွင့်ပွဲ မင်္ဂလာအခမ်း အနားကြီးကို ယနေ့ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ မြင်းကကျေးရွာမှာ ကျင်းပခဲ့ရာ တာဝန်ရှိသူကြီးများနဲ့ အနုပညာရှင်များစွာ တက်ခဲ့ကြပါတယ်။
ဒီဂေဟာအသစ်က မသန်စွမ်းနဲ့ ဉာဏ်ရည်ချိုတဲ့ ကလေးတွေကို အဓိကစောင့်ရှောက်ပေးဖို့အတွက် ခိုင်နှင်းဝေရဲ့ အဒေါ်ဖြစ်သူ အကယ်ဒမီ မြင့်မြင့်ခင်ရဲ့ ခင်ပွန်း ကွယ်လွန်သူ ဒေါက်တာသာဉာဏ်အတွက် ရည်စူး ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အခမ်းအနားပွဲကို ခိုင်နှင်းဝေနဲ့အတူ ချစ်ရတဲ့ ဆွေမျိုးတွေ ရပ်မိရပ်ဖတွေနဲ့ အနုပညာရှင်မောင်နှမတွေဖြစ်တဲ့ အကယ်ဒမီခန့်စည်သူ၊ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ဗညားဘုန်းပြည့်၊ ရှိန်းတင်ထူး၊ အကယ်ဒမီမြင့်မြင့်ခင်၊ ရတနာဗိုလ်၊ ဒါရိုက်တာမယ်မင်းဘုံ၊ ဆုအိမ်စံ၊ မှူးထိပ်ထားစတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဂေဟာဖွင့်ပွဲမှာ ရှမ်းရိုးရာ ရှမ်းအိုးစည်းတီးပြီးတော့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဂုဏ်ပြုစကားတွေ ပြောဆိုကာ ဂုဏ်ပြုလက်မှတ်တွေလည်း ပေးအပ်ချီးမြှင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။
