သက်တံ့
၁၇. ၁. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်သလွန်ပြည်နယ်အတွင်း အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဒုတိယမြို့တော်ဝန်ဟောင်း(မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဟောင်း)ဖြစ်သူ ရဲစခန်း၌ လာရောက်အဖမ်းခံပြီးနောက် ၎င်းအား အာမခံပေးမည်ကို သတ်ဖြတ်ခံရသူ၏ ဇနီးဖြစ်သူက တရားဝင်ကန့်ကွက်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဘန်ကောခရိုင်၊ နာပါခိုမြို့နယ်ရှိ လမ်းမပေါ်တွင် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ သွေးကွက်များ၊ ဖိနပ်တစ်စုံ၊ ဘေးတွဲပါရှိသော ဟွန်ဒါဆိုင်ကယ်တစ်စီးနှင့် ၁၁ မမ ကျည်ခွံ ၄ ခုကို တွေ့ရှိခဲ့သည်။
သေနတ်ဖြင့် အနီးကပ် ၄ ချက် ပစ်ခတ်ခံခဲ့ရသည့် အသက် ၅၁ နှစ်အရွယ် မစ္စတာချမ်နောင် (Mr. Chamnong) မှာ ရရှိသော ဒဏ်ရာများကြောင့် ဘန်ကောဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းချက်အရ မစ္စတာချမ်နောင်သည် အိပ်ရာထဲလဲနေသော မိခင်ဖြစ်သူထံသို့ မနက်စာသွားပို့စဉ် ပစ်ကပ်ကားတစ်စီးက နောက်မှလိုက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပစ်ကပ်ကားမှာ ဆိုင်ကယ်ကို ကျော်တက်၍ လမ်းပိတ်ရပ်ကာ ကားမောင်းသူက သေနတ်ဖြင့် ဆင်းပစ်ပြီး ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

ကျူးလွန်သူမှာ နာပါခိုမြို့နယ်၏ ဒုတိယမြို့တော်ဝန်ဟောင်း(မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဟောင်း)နှင့် ကျေးရွာလူကြီးဟောင်း ဖြစ်ခဲ့ဖူးသူ အသက် ၆၁ နှစ်အရွယ် မစ္စတာပရီချာ (Mr. Preecha) ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ ၎င်းသည် ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်နေရာနှင့် ၂ ကီလိုမီတာခန့်ဝေးသော အခြားကျေးရွာလူကြီးတစ်ဦး၏ နေအိမ်၌ ၎င်း၏ကားကို ထားခဲ့ကာ အခြားကားတစ်စီးဖြင့် ထပ်မံထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ယခုလုပ်ကြံမှုမှာ နှစ်ဖက်မိသားစုအကြား ကာလရှည်ကြာ ဖြစ်ပွားနေသည့် “မြေယာအငြင်းပွားမှု” ကြောင့်ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။
ထို့နောက် ဇန်နဝါရီ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် မစ္စတာပရီချာသည် ၎င်း၏သားဖြစ်သူ၊ ရှေ့နေဖြစ်သူတို့နှင့်အတူ ဘန်ကောရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းအား “ကြိုတင်ကြံစည်ထားသော လူသတ်မှု” ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။
ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သူ၏ဇနီးဖြစ်သူ နူချာရာဝါဒီ (Mrs. Nucharawadee) နှင့် ဆွေမျိုးများသည် ရဲစခန်းသို့ ရောက်ရှိလာပြီး တရားခံအား အာမခံပေးမည်ကို တရားဝင်ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။ တရားခံသည် ဒေသတွင်း သြဇာရှိသူဖြစ်သလို ငွေကြေးချမ်းသာသူဖြစ်ခြင်းကြောင့် အာမခံရရှိသွားပါက တရားဥပဒေစိုးမိုးရေးနှင့် စစ်ဆေးမှုအဆင့်ဆင့်ကို နှောင့်နှေးစေနိုင်သည်ဟု ၎င်းတို့က စိုးရိမ်နေကြသည်။
ရဲတပ်ဖွဲ့က မိသားစုဝင်များ၏ ကန့်ကွက်မှုကို တရားရုံး၏ အာမခံစဉ်းစားမှုလုပ်ငန်းစဉ်တွင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
Ref : The Thaiger
