နေမိုး
၁၇. ၁. ၂၀၂၆
ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာကို ရေစကြို PDF အဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းထင်သေဆုံးသည်ဟု သတင်းမှားထုတ်လွှင့်နေသော်လည်း အမှန်တကယ်သေဆုံးဒဏ်ရာရသူ ၆ ဦးမှာ အပြစ်မဲ့ပြည်သူများသာဖြစ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့က ရေစကြို PDF အဖွဲ့ဖြစ်သော ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆင်ချောင်းရွာသားများ ခြင်းခတ်နေစဉ် ပြည်သူ့စစ်ခေါင်းဆောင် ဦးလင်းထင် ပါဝင်သည်ဟုဆိုကာ ဒရုန်းဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့ပြီးနောက် ဦးလင်းထင်အပါအဝင် ပြည်သူစစ် (ပျူစောထီးဟု သုံးထား) ၁၀ ဦးခန့်သေဆုံးခဲ့သည်ဟု သက်သေမပါဘဲ လိမ်လည်ကာ ဦးလင်းထင်နဲ့ လသားကလေးငယ်ပုံတို့ဖြင့် ဇန်နဝါရီ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် ရေစကြို PDF တို့၏ ထိုကျုူးလွန်မှုကို ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်မူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ ခြံစည်းရိုးနှင့် ရေစကြို-ပခုက္ကူသွား ကားလမ်းသို့ Drop Bomb ဗုံးသီး ခြောက်လုံးခန့် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးချစ်သဲ (၅၂) နှစ်နှင့် ဦးအောင်ဝင်း (၆၆) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဝင်းဇော် (၅၁) နှစ်၊ ဦးအောင်စိန်မိုး (၄၈) နှစ်၊ မောင်တင်ဖုန်းမြတ် (၇)နှစ်နှင့် ဒေါ်စန်းမြင့်ဌေး(၄၃)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ထိခိုက်ဒဏ်ရာ ရရှိသူများအား ဆေးကုသနိုင်ရေး ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ရေစကြို PDF အနေဖြင့် ပြည်သူ့စစ်အဖွဲ့ဟု စွပ်စွဲကာ သာမန်အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရအောင် Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ပြီးနောက်တွင်မူ ယင်းတို့၏ ရည်ရွယ်ရင်းဖြစ်သော ဆင်ချောင်းရွာပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် မထိခိုက်ဘဲ သာမန်အပြစ်မဲ့ပြည်သူများသာ သေဆုံးဒဏ်ရာရခဲ့သည့် ထိုစစ်ရာဇဝတ်မှု ကျူးလွန်ခြင်းကိုမူ ယနေ့အထိ ပြန်လည်ဖြေရှင်းတုံ့ပြန်ခြင်းမရှိသေးချေ။
