
၁၅.၁.၂၀၂၆.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက သမ္မတဒေါ်နယ်ဒ် ထရမ့်ပ် အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးနှိမ်နင်းမှုကို ထပ်မံ တိုးချဲ့တဲ့အနေနဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာ စီမံ ဆောင်ရွက်မှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာ စီမံဆောင်ရွက်မှု ခေတ္တရပ်ဆိုင်းခြင်းက ဘရာဇီး၊ ကိုလံဘီယာ၊ အီဂျစ်၊ ဟေတီ၊ ဆိုမာလီယာနဲ ရုရှားအပါအဝင် စုစုပေါင်း ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံနဲ့ သက်ဆိုင်မှာ ဖြစ်ပါတယ်။ ခုလို ပြည်ဝင်ခွင့်ဆိုင်းငံ့ထားမှုက အလုပ်အကိုင်အတွက် ဒါမှမဟုတ် အမေရိကန်မှာ ရောက်ရှိနေတဲ့ မိသားစုနဲ့ပူးပေါင်းဖို့ ရွှေ့ပြောင်းနေထိုင်သူဗီဇာတွေအတွက်လည်း အကျုံးဝင်ပါတယ်။
ကျောင်းသားနဲ့ ခရီးသွားဗီဇာကဲ့သို့သော ရွှေ့ပြောင်းနေထိုင်သူမဟုတ်တဲ့ ဗီဇာတွေနဲ့တော့ သက်ဆိုင်မှုမရှိဘဲ အခုနွေရာသီမှာ အမေရိကန်မှာကျင်းပမယ့် ကမ္ဘာ့ဖလားကိုသွားရောက်လိုသူတွေအတွက်လည်း အကျုံးမဝင်ပါဘူး။
ဆိုင်းငံ့ထားမှုက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှာ စတင်မယ်လို့ အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ယမန်နှစ်က ထရမ့်ပ်အစိုးရက အများပြည်သူဆိုင်ရာ အရင်းအမြစ်များအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ဟုယုံကြည်သူများကို ပစ်မှတ်ထားရန် ရည်ရွယ်သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ “အများပြည်သူဆိုင်ရာဝန်ထုပ်ဝန်ပိုး” ပြဋ္ဌာန်းချက်အောက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ဆေးမှုကို တိုးမြှင့်ညွှန်ကြားပြီးနောက် ယခုကဲ့သို့ ဆိုင်းငံ့ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်ပြည်ထောင်စုအပေါ် အများပြည်သူဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး အမေရိကန်ပြည်သူတွေရဲ့ ရက်ရောမှုကို အမြတ်ထုတ်မယ့် အရည်အချင်းမပြည့်မီသော ရွှေ့ပြောင်းနေထိုင်သူများကို သတ်မှတ်ဖို့ရာ သူ့ရဲ့ ရေရှည်တည်ရှိနေတဲ့ လုပ်ပိုင်ခွင့်ကို အသုံးပြုသွားမယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့ က ဇန်နဝါရီလ ၁၄ ရက်က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေအတွက် လူမှုဖူလုံရေးနဲ့ အများပြည်သူအကျိုးခံစားခွင့်တွေကိုရယူမယ့် နိုင်ငံခြားသားတွေ ဝင်ရောက်မှုကို ကာကွယ်ဖို့ နိုင်ငံခြားရေးဌာနမှ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေကို ပြန်လည်အကဲဖြတ်နေတုံးမှာ အဆိုပါ နိုင်ငံ ၇၅ နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူဗီဇာလုပ်ငန်းစဉ်ကို ခေတ္တရပ်ဆိုင်းထားမယ်လို့လဲ တွမ်မီက ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ ဗီဇာလုပ်ငန်းစဉ် ရပ်ဆိုင်းခံရမှုမှာ ပါဝင်တဲ့ ၇၅ နိုင်ငံအနက်အချို့က အမေရိကန် အစိုးရရဲ့ ခရီးသွားလာမှုပိတ်ပင်ချက်စာရင်းမှာ ထည့်သွင်းပိတ်ပင်ထားပြီးနိုင်ငံတွေလည်းဖြစ်ပါတယ်။
Ref- CNN
