နေမိုး
၁၅. ၁. ၂၀၂၆
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် PDF များ ထောင်ထားသည့် မိုင်းနင်းမိရာမှ ပြည်သူ့စစ်လေးဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားလေးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် မတ္တရာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည့် ဦးသီဟ (၅၀) နှစ်၊ ကိုညီမင်းကို (၂၇) နှစ်၊ ဦးအောင်ဝင်းမြင့် (၄၇) နှစ်နှင့် ဦးသန့်ဇင်ဦး (၄၂) နှစ်တို့သည် တံငါမြောက်ကျေးရွာအနီး ထင်းခုတ်နေစဉ် PDF များ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ဦးသီဟမှ နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ လေးဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့ညနေ ၄ နာရီအချိန်ကလည်း မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း Drop Bomb ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောင်းဝင်းအတွင်း ရောက်ရှိနေသော ရွာသစ်ကျေးရွာနေသူများဖြစ်သည့် ဒေါ်ငွေရှင် (၅၀) နှစ်၊ မမေမြတ်နိုးခင် (၅) နှစ်၊ ဦးမြတ်သူ (၅၂) နှစ်နှင့် ဦးချမ်းငြိမ်းကို (၃၈) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

