







၁၄.၁.၂၀၂၆
Writtwn by Nyein Kyaw
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်ကာ နိုင်ငံတကာသံတမန်များ၊ စစ်သံမှူးများအားသမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံးဖမ်းမိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်းများသို့ ယနေ့တွင် လိုက်လံရှင်းလင်းပြသခဲ့သည်။
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်း၌ ပြုလုပ်ခဲ့ပြီးနောက် ထိုသို့ လိုက်လံပြသခဲ့ခြင်းဖြစ်သည်။
သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း နယ်မြေရှင်းလင်းစဥ် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်ရာ၌ အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် SSA လက်နက်ကိုင်အဖွဲ့မှ ပါဝင်ပတ်သက်သူများအပါအဝင် တရားခံ ၆ ဦးကိုပါ ဖမ်းမိခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၀၊ ၁၁) ရက်များတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများအထိ ကမ္ဘာသိအောင် နိုင်ငံတကာသံတမန်များနှင့် စစ်သံမှူးများ၊ ပြည်တွင်းပြည်ပမီဒီယာများအား လိုက်လံရှင်းလင်းပြသခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုက ယခင်နှစ်များထက် နှစ်ဆနီးပါး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။







MT News ၏ မြေပြင်ရောက်ရှိ အတွေ့အကြုံများအရ အဆိုပါ စခန်းများတွင် လက်ရှိအချိန်န်အထိ ဓာတုဗေဒပစ္စည်းများ၏ အငွေ့နှင့် အနံ့များကို ပြင်းထန်စွာ ရရှိနေဆဲဖြစ်ပြီး မီးရှို့ ဖျက်ဆီး ထွက်ပြေးသွားသည့် အခြေအနေများ၊ ကုန်ချောအဆင့် ထုတ်လုပ်ရန် နောက်ဆုံးအဆင့်အထိ ထုတ်လုပ်မှုအဆင်ဆင့်နှင့် ပါကင်ထုတ်ပိုးမှုဂိုထောင်များအထိကို မျက်မြင်တွေ့ရှိရခြင်းဖြစ်သည်။
အဆိုပါစခန်းများအနက် အကြီးဆုံးစခန်းသည် ဧက၂၀ ခန့်အထိ ကျယ်ဝန်းပြီး လွန်ခဲ့သည့် နှစ်နစ်ခန့်ကပင် စတင်ဆောင်ရွက်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ရှင်းလင်းပြောကြားသည်။
◾ ကနဦးသတင်း ဖတ်ရှုရန်
