သက်တံ့
၁၄. ၁. ၂၀၂၆
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆတွန်းခရိုင်၊ လာငုမြို့နယ်အတွင်း ရပ်နားထားသော မော်တော်ယာဉ် ၁၉ စီးအား ကျောက်ခဲနှင့် မြေတူး ပေါက်ချွန်းအသုံးပြုကာ လိုက်လံထုခွဲဖျက်ဆီးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ဇန်နဝါရီလ ၁၃ ရက် မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၃ ရက်၊ နံနက် ၃ နာရီဝန်းကျင်ခန့်တွင် လာငုမြို့နယ်၊ မူး ၆ ကျေးရွာအတွင်း အသက် ၄၅ နှစ်အရွယ် ‘ကိုစော’ (အမည်လွှဲ) ဆိုသူ မြန်မာအမျိုးသားတစ်ဦးသည် လမ်းဘေးရှိ အိမ်ရှေ့များတွင် ရပ်နားထားသည့် ကားနှစ်စီးကို ကျောက်ခဲဖြင့် စတင်ထုခွဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ထုခွဲသံကြောင့် ဒေသခံအချို့ နိုးလာခဲ့သော်လည်း ၎င်း၏ဖျက်ဆီးမှုမှာ ရပ်တန့်သွားခြင်းမရှိပေ။
ထို့နောက် ၎င်းအမျိုးသားသည် ကျောက်ခဲအစား အရှည် ၂၉ လက်မခန့်ရှိ သံလက်ကိုင်တပ် မြေတူး ပေါက်ချွန်း (Digging tool) တစ်ခုကို အသုံးပြု၍ လမ်းတစ်လျှောက် ရပ်နားထားသော ယာဉ်များကို ဆက်လက်ထုခွဲဖျက်ဆီးခဲ့သည်။ CH7 သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါဒေသအတွင်း စုစုပေါင်း မော်တော်ယာဉ် ၁၉ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

လာငုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းရရှိပြီး တစ်နာရီအတွင်း နောက်ယောင်ခံလိုက်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပေါက်ချွန်းကိုလည်း သိမ်းဆည်းရမိခဲ့သည်။ တရားခံကို ဖမ်းဆီးရမိကြောင်း သတင်းပျံ့နှံ့သွားချိန်တွင် ဒေသခံများမှာ ရဲစခန်းသို့ စုရုံးရောက်ရှိလာကြပြီး ၎င်းတို့၏ မကျေနပ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ “ထပ်ခါတလဲလဲ အသံအကျယ်ကြီးတွေကြားလို့ အပြင်ကို ချောင်းကြည့်လိုက်တဲ့အခါ တစ်ယောက်ယောက်က ကျမရဲ့ကားကို ပေါက်ချွန်းနဲ့ ရိုက်နေတာ တွေ့ရတယ်။ သူက လက်နက်လည်းပါတယ်၊ အရမ်းလည်း ကြမ်းတမ်းနေပုံရလို့ အပြင်ထွက်ပြီး မတားရဲခဲ့ဘူး” ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဖမ်းဆီးရမိသူ မြန်မာအမျိုးသားသည် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင်၊ ၎င်းတွင် အလုပ်သမားကတ် (သို့မဟုတ်) တရားဝင် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် လာငုရဲစခန်းက ၎င်းအမျိုးသားအား အများပိုင်ပစ္စည်း ဖျက်ဆီးမှု၊ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှု စသည့် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Ref : The Thaiger
