၁၄.၁.၂၀၂၆.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံတွင် အစိုးရအထူးရှေ့နေအဖွဲ့တစ်ဖွဲ့က ယခင်သမ္မတ ယွန်ဆပ်ယိုလ်အား မအောင်မြင်ခဲ့သည့် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းရန် ကြိုးပမ်းခဲ့မှုအတွက် သေဒဏ်ပေးရန် တောင်းဆိုခဲ့ပြီး တရားစီရင်ရေးနှင့် ဥပဒေပြုရေးကိုပါ သိမ်းပိုက်ခြင်းဖြင့် အာဏာဆက်လက်တည်တံ့ရန် ကြိုးပမ်းခဲ့သော ပုန်ကန်မှုဂိုဏ်းခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြခဲ့သည်။
အထူးရှေ့နေ ချိုအွန်ဆွတ်၏အဖွဲ့သည် ဆိုးလ်ဗဟိုခရိုင်တရားရုံး၌ဇန်နဝါရီလ ၁၃ ရက် ယွန်အား ရုံးတင်စစ်ဆေးမှု၏ နောက်ဆုံးကြားနာမှုအတွင်း ထိုသို့ တောင်းဆိုခဲ့ခြင်းဟုသိရသည်။ သမ္မတဟောင်း ယွန် က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ၎င်းတာဝန်ယူထားစဉ် နိုင်ငံတော်ဆန့်ကျင်ရေးတပ်ဖွဲ့များကို နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့်ဆိုကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့သဖြင့် ထိုသို့သေဒဏ်ပေးရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။


တရားရုံး က ယွန်၏အမှုအပေါ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စီရင်ချက်ချမှတ်ရန် စီစဉ်ထားသည်။.
“သမ္မတဟောင်း ယွန် က တရားစီရင်ရေးနဲ့ ဥပဒေပြုရေးကိုပါ သိမ်းပိုက်ခြင်းဖြင့် အာဏာကို ကြာရှည်စွာထိန်းသိမ်းထားဖို့ ရည်ရွယ်ချက်နဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့တာပါ” ဟု လက်ထောက်အထူး ရှေ့နေ ပါ့ခ်အွတ်ဆုက ပြောကြားခဲ့သည်။
ယွန်က ၎င်း၏ နောက်ဆုံး မိနစ် ၉၀ ကြာ ကြေညာချက်တွင် ၎င်းအနေဖြင့် အပြစ်ကင်းကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး သမ္မတ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အရေးပေါ်အခွင့်အရေးကို ကျင့်သုံးခြင်းသည် ပုန်ကန်မှုတစ်ခု မဟုတ်ကြောင်း ငြင်းခုန်ခဲ့သည်။
ယွန်က “စစ်အုပ်ချုပ်ရေးဆိုတာက နိုင်ငံသားများကို ဖိနှိပ်တဲ့ စစ်အာဏာရှင်စနစ်မဟုတ်ဘဲ လွတ်လပ်မှုနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရှင်သန်စေဖို့ ကြိုးပမ်းမှုတစ်ခုသာဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
ယွန် ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြင့် ပုန်ကန်မှုကို ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယွန် အနေဖြင့် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းနှင့် အခြားသူများနှင့် ပူးပေါင်းကြံစည်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အဓိကရုဏ်းတစ်ခု စီစဉ်ခဲ့ပြီး စစ်ပွဲ သို့မဟုတ် အလားတူ အမျိုးသားအရေးပေါ်အခြေအနေမရှိချိန်တွင်ပင် စစ်အုပ်ချုပ်ရေးကို တရားမဝင် ကြေညာခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။
အထူးရှေ့နေများက ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်းကိုလည်း စစ်အုပ်ချုပ်ရေး ပြဌာန်းခဲ့သည့်ကာလတိုအတွင်း ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်မှုကြောင့် ပုန်ကန်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟူသော စွဲချက်ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် ဇန်နဝါရီလ ၁၃ ရက်က တောင်းဆိုခဲ့သည်။
အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲဟောင်း ချိုဂျီဟိုအတွက် အဖွဲ့က တူညီသောစွဲချက်ဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ရန် တောင်းဆိုခဲ့ပြီး ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ကင်မ်ဘောင်ဆစ်က ထောင်ဒဏ် ၁၅ နှစ်နှင့် ကာကွယ်ရေးထောက်လှမ်းရေးကွပ်ကဲမှုဌာန၏ တပ်မှူးဟောင်း အငြိမ်းစားတပ်မတော်ဗိုလ်ချုပ်ကြီး နိုဆန်ဝမ်အတွက် ထောင်ဒဏ် ၃၀ နှစ် ချမှတ်ရန် တောင်းဆိုခဲ့သည်။
Ref-Yonhap News
