◾ ဖမ်းမိမူးယစ်ဆေးဝါးထုတ်လုပ်ရေးစခန်းများအထိ နိုင်ငံတကာသံတမန်များ သွားရောက်လေ့လာမည်
၁၄.၁.၂၀၂၆
Written by Nyein Kyaw
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ဦးမြို့၊ အနီးစခန်း၌ ပြုလုပ်လျက်ရှိသည်။
”သမိုင်းစဉ်တစ်လျှောက် ပမာဏအများဆုံး ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲ ပြုလုပ်တာဖြစ်ပြီး ဖမ်းမိနေရာများကိုလည်း လိုက်ပြသသွားပါမယ်” ဟုသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုက ယခင်နှစ်များထက် နှစ်ဆနီးပါး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
”အခုဖမ်းမိတဲ့ စခန်းသုံးခုက နိုင်ငံသမိုင်းတစ်လျောက်အများဆုံးဖမ်းမိခြင်းဖြစ်တယ်” ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။






အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတကာသံတမန်များ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ မီဒီယာများ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
မြေပြင်အခြေအနေများအထိ သွားရောက် သတင်းယူမှုများကိုလည်း MT Newsသတင်းဌာနက ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သီပေါမြိုနယ်နှင့် မိုင်းရယ်မြို့နယ်များအတွင်း နယ်မြေရှင်းလင်းစဥ် အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည့်အပြင် SSA လက်နက်ကိုင်အဖွဲမှ ပါဝင်ပတ်သက်သူများအပါအဝင် တရားခံ ၆ ဦးကိုပါ ဖမ်းမိခဲ့ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည်။
ဖြစ်စဉ်များအတွင်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသအတွင်း ဇန်နဝါရီ ၈ ရက်နေ့က နယ်မြေလုံခြံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ဝင်ပါဝင်သည့် စစ်ကြောင်းက နားလင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ထွက်ပြေးဆုတ်ခွာသည့်အတွက် လိုက်လံရှင်းလင်းစဉ် အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်သည့်နေရာကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၉,၀၀၀ ခန့်အကွာတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် အလျား(၄၀)ပေ အနံ(၃၀)ပေရှိ သွပ်မိုးကာ လူနေအဆောက်အအုံ(၂)လုံးအတွင်းမှ လုပ်ငန်းနှင့်ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ချိန် မီတာ (၈၀၀)ခန့်အကွာတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာတစ်ခုကို တွေ့ရှိပြီး မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာတွင် အသုံးပြုသည့် ဆေးပြားရိုက်စက်(၂)လုံး၊ ဆေးမွှေစက်(၁)လုံး ဆေးပြားရေတွက်စက်၊ အိုက်စ် ၂ ကီလိုဂရမ်၊ ဆေးပြားရိုက်ရန်ရောစပ်ထားသည့် အနှစ် ၁၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ SSA တံဆိပ်ပါ ယူနီဖောင်းနှင့် ဦးထုပ် ၁ လုံး၊ အဆောက်အုံများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဇန်နဝါရီ ၁၀ ရက်က မိုင်းရယ်မြို့နယ်တွင်လည်း နေရာ(၃)ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၆,၀၀၀ မီတာခန့်အကွာ မန်ဖြတ်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာအား အဆောက်အအုံများ မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သလို ဇန်နဝါရီ ၁၁ ရက်က မိုင်းရယ်မြို့ အနောက်တောင်ဘက် မီတာ(၂၀,၀၀၀)ခန့် အကွာတွင် မူးယစ်ဆေးဝါးချက်လုပ်သည့် ဒုတိယနေရာကို ပလပ်စတစ်ကာအဆောက်အုံ ၅၀ လုံးနှင့် မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံ (၆)ဦးနှင့် SSA တံဆိပ်ပါ ယူနီဖောင်းနှင့် တံဆိပ်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် မူးယစ်ဆေးဝါးချက်လုပ်သည့် အဓိကနေရာ ၇ ခုကိုလည်း ရောက်ရှိရှင်းလင်းခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအား သက်ဆိုင်ရာဌာနများထံ လွှဲပြောင်းပြီး စနစ်တကျ ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သလို ပါဝင်ပတ်သက်သူများကိုလည်း အရေးယူဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မိုင်းရယ်မြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသော ဓာတုပစ္စည်းများအပေါ် ခန့်မှန်းတွက်ချက်မှုအရ ကျပ် ၅၄၀ ဘီလျံတန်ဖိုးရှိ အိုက်စ် ၂၇ တန်ခန့် ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြားအဖြစ် ပြောင်းလဲထုတ်လုပ်ပါက စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည့်အပြင် အဆိုပါ စိတ်ကြွဆေးပြားများ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားပါက ကျပ် ၁,၆၂၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။
အဆိုပါနေရာမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကို လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး အဆိုပါ ဒုတိယနေရာနှင့် ၎င်း၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ တတိယနေရာတို့တွင် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါ ထုပ်ပိုးခွံ အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့် အိုက်စ် ၃၇ ဒသမ ၈၁၅ တန် အနက် GUAN YIN WANG စာတန်းပါ ထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် ၁၁ ဒသမ ၆၈၆ တန်နှင့် တရုတ်စာတန်းပါထုပ်ပိုးခွံဖြင့် ထုပ်ပိုးထားသည့် အိုက်စ် သုည ဒသမ ၉၆ တန်၊ စုစုပေါင်း ၁၂ ဒသမ ၆၄၆ တန် (စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၂၅၂ ဒသမ ၉၂ ဘီလျံ) ဖမ်းဆီးရမိခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါနေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူးခဲ့သည့် ပမာဏမှာ ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့် ရှိကြောင်း ဖော်ထုတ်တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၀၊ ၁၁) ရက်များတွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုသည် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
