၁၄.၁.၂၀၂၆
Written by Min Thet
ပြည်သူ့ရှေ့ဆောင်ပါတီက ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း လူမှုကွန်ရက် သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဖမ်းဆီးခံရတာမဟုတ်ဘဲ ခေါ်ယူမေးမြန်းခံခဲ့ရခြင်းသာ ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တာဝန်ရှိသူက MT News ကို ယနေ့ နံနက်က အတည်ပြု ပြောဆိုပါတယ်။
“အဖမ်းခံရတာ မဟုတ်ဘူး။ ထိန်းသိမ်းတာမဟုတ်ဘူး။လူတွေက လိုတာထက်ပိုရေးကြတာ။ ခေါ်ယူမေးမြန်း ခဲ့တာပဲ ဖြစ်ပါတယ်”လို့ ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးက MT News ကို ပြောပါတယ်။
ခေါ်ယူစစ်ဆေးတဲ့အကြောင်းကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်ပြောဖို့ MT News က တောင်းဆိုတဲ့အခါ ဦးစောဟန်အေးက “ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှ မပြောချင်သေးဘူး။ ပြောလိုက်တဲ့သတင်းအပေါ်မှာ လျှောက်ရေးနေရင်လည်း မကောင်းဘူးနော်။ဆရာပြောသလိုပဲ မေးမြန်းရုံပါပဲနော်”လို့ ဦးစောဟန်အေးက တုံပြန်ပါတယ်။
PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဒုဥက္ကဋ္ဌဦးစောဟန်အေးတို့ ဖမ်းဆီးခံရတယ်ဆိုတဲ့အပေါ် PPP ပါတီရဲ့ စစ်ကိုင်း အမျိုးသားလွှတ်တော် (PR) မဲဆန္ဒနယ်မြေ (၂) က ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးတင့်လွင်စိုးက လူမှုကွန်ရက်မှာ ဇန်နဝါရီလ ၁၃ ရက်ညက အသိပေးခဲ့ရာမှာ“ကျွန်တော်တို့ ပြည်သူ့ ရှေ့ဆောင်ပါတီရဲ့ဥက္ကဋ္ဌကြီး ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့အား နိုင်ငံတော်မှ ဖမ်းဆီးထိန်းသိမ်းလိုက်သည်မှာ သတင်းမှန်ပါလို့ ဗဟိုကော်မတီဝင်တစ်ဦးမှ အတည်ပြုပါတယ်…ဖမ်းဆီး ထိန်းသိမ်းရခြင်းအကြောင်းအရင်းကိုတော့ မသိရသေးပါ ခင်ဗျာ…”လို့ ဖော်ပြခဲ့ပါတယ်။
အလားတူ ဒေါက်တာသက်သက်ခိုင်ကို နေအိမ်ကနေ မနေ့ကညဦးပိုင်းမှာ အရာရှိကြီးနှစ်ဦးနဲ့ အရပ်ဝတ်လူ ၂၀ ခန့်က ခေါ်ဆောင်သွားတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်ဟာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရသလို ရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာတင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
