သက်တံ့
၁၄. ၁. ၂၀၂၆
ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံက ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်နေသော အမြန်ရထားလမ်းစီမံကိန်းမှ ကရိန်းတစ်ခုသည် ယနေ့ (ဇန်နဝါရီ ၁၄ ရက်) နံနက်တွင် ခရီးသည်တင်ရထားပေါ်သို့ ပြိုကျခဲ့ရာမှ ရထားလမ်းချော်မှုဖြစ်ပွားပြီး ရထားတိမ်းမှောက်ခဲ့သဖြင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားခဲ့သည်။
နခွန်ရက်ချာစီးမားခရိုင်ရဲတပ်ဖွဲ့မှူး သက်ချာပွန် ချင်နာဝေါင်းက “လူ ၂၂ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်” ဟု AFP သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့တော်ဘန်ကောက်၏ အရှေ့မြောက်ဘက်ရှိ နခွန်ရက်ချာစီးမားတွင် အမြန်ရထားကွန်ရက် တည်ဆောက်ရေး၌ အသုံးပြုနေသော ကရိန်းတစ်ခုသည် ဖြတ်သန်းမောင်းနှင်နေသော ခရီးသည်တင်ရထားပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
“ကရိန်းက ရထားပေါ်ကို ပြိုကျခဲ့တဲ့အတွက် ရထားလမ်းချော်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်” ဟု နခွန်ရက်ချာစီးမားခရိုင် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ခဲ့သည်။
ဒေသတွင်းမီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်မှုများအရ ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်ပွားရာသို့ အပြေး အလွှားသွားရောက်နေကြသည်ကို တွေ့ရသလို အပျက်အစီးများကြားမှ မီးခိုးများထွက်နေကာ ရထားတွဲများ ဘေးစောင်းလဲနေသည်ကို တွေ့မြင်ရသည်။
အဆိုပါရထားသည် ဘန်ကောက်မြို့မှ ဥဘုန် ရက်ချဌာနီခရိုင်သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးဝန်ကြီး ဖီဖတ် ရတ်ချကစ်ပရာကန်းက ရထားပေါ်တွင် ခရီးသည် ၁၉၅ ဦး လိုက်ပါလာပြီး အာဏာပိုင်များအနေဖြင့် သေဆုံးသူများ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုသည်။ ရထားတွဲများအတွင်း ပိတ်မိနေသူများ ကယ်ထုတ်နေဆဲဖြစ်သဖြင့် သေဆုံးဒဏ်ရာရသူစာရင်းလည်း ထပ်မံမြင့်တက်လာဖွယ်ရှိနေသည်။
ပြိုကျခဲ့သောအဆိုပါကရိန်းသည် ထိုင်းနိုင်ငံရှိ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ အမြန်ရထားလမ်းစီမံကိန်းတွင် အသုံးပြုနေခြင်းဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ၏ “ပိုးလမ်းမစီမံကိန်း (Belt and Road Initiative)”၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် ဘန်ကောက်မှ လာအိုနိုင်ငံကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ကူမင်းမြို့အထိ ချိတ်ဆက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်းကြောင့် ထိုင်းနိုင်ငံတွင် စက်မှုဇုန်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် မတော်တဆမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
Ref : AFP



