နေမိုး
၁၄.၁.၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF များကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယခုလည်း KNU နှင့် PDF ပစ်ခတ်သည့် လက်နက်ကြီးဗုံးသီးက လှေဆိပ်ကိုကျရာမှ အမျိုးသားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့မှု ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
KNU နှင့် NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဥဒေါင်းကျေးရွာရှိ စက်လှေဆိပ်အနီးသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီး ရောက်ရှိနေသူများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရဲကုန်းကျေးရွာနေ ကိုအောင်သီဟထွန်း(ခ) ဝတုတ် (၂၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာနေ ဦးနိုင်ဝင်းထွန်း(၃၁)နှစ်၊ ကိုပြည့်စုံဦး(၂၀)နှစ်နှင့် ဦးချစ်ကို(၄၃)နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ သရွက်ကြီးကျေးရွာနေ ကိုဖြိုးဝေစိုး(၂၀)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့၍ သေဆုံး၊ ဒဏ်ရာရရှိသူများအား တောင်ကလေးမြို့၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
