၁၄.၁.၂၀၂၆
Written By Min Thet
အွန်လိုင်းပေါ်က အလုပ်ခေါ်စာကြောင့် ကမ္ဘောဒီးယားကို တရားမဝင်သွားသည့် မြန်မာနိုင်ငံသား ၁၆ ဦး ထိုင်းတပ်မတော်နှင့်တွေ့ရာမှ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။
ဇန်နဝါရီလ ၁၂ ရက် ထိုင်းဒေသတွင်း အလုပ်သမားသတင်းရင်းမြစ်များက ဖော်ပြထားရာတွင် အဆိုပါ မြန်မာနိုင်ငံသား ၁၆ ဦးမှာ လူမှုကွန်ရက် အွန်လိုင်းဆိုရှယ် ပလက်ဖောင်းဖြစ်သည့် Facebook တွင် တွေ့ခဲ့ရသော အလုပ်ခေါ်စာအရ ကမ္ဘောဒီးယားနိုင်ငံသို့ ထိုင်းနိုင်ငံမှတစ်ဆင့် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။


အလုပ်ခေါ်စာတွင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ရရှိမည်ဟု ဖော်ပြချက်အရ လျှောက်ထားဆက်သွယ်ကာ သွားရောက်ရန် စီစဉ်ခဲ့ကြောင်း၊ ယင်းနောက်အဆိုပါ အလုပ်ခွင်သို့ဝင်ရောက်ရန် ထိုင်းအမျိုးသားတစ်ဦးနှင့် မြန်မာအမျိုးသားတစ်ဦးတို့က ၎င်းတို့အား ကမ္ဘောဒီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ခေါ်ဆောင်ပေးသူများအား ပွဲစားခ ဘတ် ၁၂၀၀၀ ပေးခဲ့ကာ ထိုင်းနယ်စပ်သို့ မော်တော်ယာဉ်ဖြင့် ဇန်နဝါရီလ ၁၁ ရက်က သွားရောက်ခဲ့ကြောင်း သိရသည်။
ထိုင်းနယ်စပ်မှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ခြေလျင်ဖြတ်ကျော်ရန် ဆကဲအိုခရိုင်အတွင်း ဖြတ်သန်း၍ အုပ်စုလိုက် လမ်းလျှောက်နေစဉ် နယ်မြေစိုးမိုးရေး ကင်းလှည့်နေသည့် ထိုင်းစစ်တပ်က တွေ့ရှိပြီး အဖမ်းခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ထိုင်းတပ်မတော်က ယင်းတို့ကို စစ်ဆေးရာ မြန်မာနိုင်ငံ၊ မြစ်သားမြို့နယ်မှဖြစ်ပြီး နိုင်ငံကူးလက်မှတ်အပါအဝင် အခြား အထောက်အထား စာရွက်စာတမ်းများ မပါရှိသောကြောင့် ခလွန်နမ်ဆိုင်းရဲစခန်းသို့ လွှဲပြောင်း၍ ထိုင်းဥပဒေအရ အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
Sources-Khaosod
