◾ ဆန္ဒပြမှုမျာအတွင်း သေဆုံးသူဦးရေ ဇန်နဝါရီ ၁၃ ရက်အထိ လူ ၂,၀၀၀ ကျော် ရှိဟုဆို
၁၃ .၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးနေမှုတွေကို အီရန်အစိုးရရဲ့ အဓိပ္ပာယ်မဲ့သတ်ဖြတ်မှုတွေ ရပ်ဆိုင်းတဲ့အထိ ဖျက်သိမ်းလိုက်တယ်လို့ ပြောခဲ့ပြီး အသေးစိတ်မဖော်ပြပေမယ့် အီရန်ဆန္ဒပြသူတွေအတွက် အကူအညီတွေမကြာမီ ရောက်ရှိလာတော့မယ်လို့ ဇန်နဝါရီလ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ “အီရန်မျိုးချစ်များ၊ ဆက်လက်ဆန္ဒပြနေကြပါ။ သင်တို့ အဖွဲ့အစည်းတွေကို ထိန်းချုပ်ထားကြပါ၊ အကူအညီတွေ ရောက်ရှိလာတော့မယ်” လို့ ပို့စ်တစ်ခုမှာ ရေးသားခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ ထရမ့်ပ်ရဲ့ခြိမ်းခြောက်မှုတွေကို ဝင်ရောက်စွက်ဖက်တဲ့ ပြောကြားချက်အဖြစ် ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးကလည်း အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မှတ်ချက်တွေကို ဝေဖန်ခဲ့ပြီး အီရန်က ပြင်ပဝင်ရောက်စွက်ဖက်မှုမှန်သမျှမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
အီရန်နိုင်ငံအတွင်း နိုင်ငံတကာဖုန်းဆက်သွယ်မှုတွေကို တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ထားပေမဲ့ အင်တာနက်ကို ဖြတ်တောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။
အီရန်နိုင်ငံတစ်ဝန်းဆန္ဒပြမှုတွေအတွင်း သေဆုံးသူဦးရေဟာ ဇန်နဝါရီ ၁၃ ရက်အထိ လူ ၂,၀၀၀ ကျော် သွားပြီဖြစ်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရန်လူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ရဲ့သတင်းဌာနဖြစ်တဲ့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူ သတင်းဌာနက ပြောကြားခဲ့ပါတယ်။ ထိုအရေအတွက်က ဆယ်စုနှစ်များစွာအတွင်း အီရန်နိုင်ငံမှာ အခြားဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ဦးရေထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။
ဆန္ဒပြမှုတွေက ဘာသာရေးခေါင်းဆောင်အစိုးရ ပြုတ်ကျသွားခြင်း ရှိ၊ မရှိကို မသေချာသေးပေမယ့် ကြီးမားသော ဆန္ဒပြမှုတွေက အီရန်ရဲ့ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ကြီးမားတဲ့ ဖိအားတွေအောက်ကို တွန်းပို့ရာရောက်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
Ref-DW News
