၁၃. ၁. ၂၀၂၆
Written by Nyein Kyaw
မြန်မာအမျိုးသားလေကြောင်း (MNA) မှ ATR 72-600 လေယာဉ်နှစ်စီးအား ပြည်တွင်းခရီးစဉ်များ ငှားရမ်းလုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုနိုင်ရန် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားသည်။
မြန်မာအမျိုးသားလေကြောင်းမှ ATR 72-600 လေယာဉ်နှစ်စီးအား အငှားစနစ် (Charter) ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းခရီးစဉ်များ ငှားရမ်း၍ လုပ်ငန်းဆောင်ရွက်လိုသည့် ပြည်တွင်းရှိ လေကြောင်းခရီးသွားလုပ်ငန်း အတွေ့အကြုံရှိ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုနိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက် (မနက်ဖြန်) နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုတင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း ကြေညာထားသည်။
“တင်ဒါပုံစံကိုတော့ မနက်ဖြန်မှာ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းမှာရှိတဲ့ မြန်မာအမျိုးသားလေကြောင်း ရုံးချုပ်မှာ ဝယ်ယူရမှာပါ။ အသေးစိတ်ကိုတော့ အဲဒီမှာ ရှင်းပြပါလိမ့်မယ်” ဟု တင်ဒါကော်မတီမှ တာဝန်ရှိသူက ပြောသည်။
တင်ဒါဖွင့်မည့် အချိန်နှင့် နေ့ရက်မှာ ၂၀၂၆ ခုနှစ် မတ်လ ၆ ရက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိဖြစ်ပြီး အသေးစိတ်သိရှိလိုသည်များအား မြန်မာအမျိုးသားလေကြောင်း၊ တင်ဒါကော်မတီ ဖုန်း- ၀၉၄၃၀၃၉၁၇၀၊ ၀၁-၃၇၁၅၈၉ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
