◾ အကယ်ဒမီအတွက် တတိယအကြိမ်ကြည့်ရှုမယ့် ရုပ်ရှင်ဇာတ်ကားစာရင်း ထုတ်ပြန်မည် မဟုတ်
၁၃.၁.၂၀၂၆
Written By Thandar
၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီအတွက် ၂၂ ကားကို ဒုတိယအဆင့်ကြည့်ရှုခဲ့ရာမှာ ၁၂ ကားအထိ ကြည့်ရှုစိစစ်ပြီးစီးထားတယ်လို့ အကယ်ဒမီ ထူးချွန်ဆုစိစစ်ရေး အကဲဖြတ်ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။
အကယ်ဒမီ စိစစ်အကဲဖြတ်ရေးအဖွဲ့က ၂၀၂၅ ခုနှစ်အတွင်းက ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၇၂ ကား အနက်က ဒုတိယအကြိမ်အနေနဲ့ ၂၂ ကားကို ဇန်နဝါရီ ၅ ရက်က ပြန်လည်ကြည့်ရှုစစ်ဆေးနေတာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့က ၂၂ ဇာတ်ကား နာမည်စာရင်းတွေကို အတိအကျလေး ထုတ်ပြန်လိုက်တာပါ။ ဒုတိယအကြိမ်ကို လက်ရှိ ၁၂ ကားအထိ ပြန်လည်ကြည့်ရှုပြီးပါပြီ။ ဒါပေမယ့် တတိယအကြိမ် ကြည့်ရှုမယ့် ဇာတ်ကားစာရင်းတွေကို မထုတ်ပြန်တော့ပါဘူး။ တတိယအကြိမ်ထုတ်ရင် ပရိသတ်တွေ ခန့်မှန်းရတာလွယ်သွားမှာစိုးလို့ပါ”လို့ အကယ်ဒမီ ထူးချွန်ဆုစိစစ်ရေး အကဲဖြတ် ဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။
ဒုတိယအဆင့် ကြည့်ရှုနေတဲ့ ဇာတ်ကား ၂၂ ကား နာမည်စာရင်းအနေနဲ့ မေတ္တာအမွေပုဂံမြေ၊ ကံ့ကော်နီ၊ ရာသက်ပန်ငါ့ကောင်မလေး၊ ပြုစား၊ မြေစာ၊ ဖီလင်၊ ဗြောသံ၊ ဂုဏ်၊ သူတော်တစ္ဆေ၊ ပဉ္စလက်မိုး၊ မောင့်မိဖုရား၊ ပြန်မပြောရ၊ ပန်းမြိုင်လယ်မှဥယျာဥ်မှူး၊ နတ်ဝင်သည်၊ မြစ်လက်တက်ပေမဲ့ ရေစီးကြမ်းတယ်၊ ဆရာမ (၂)၊ ညမင်္ဂလာ၊ မြို့ပြထဲကလမ်းမ၊ နှင်းပွင့်စေရာ၊ အနှစ်၊ အဆိပ်၊ ဘဝကိုစားသော ကိန်းဂဏန်းများ ဇာတ်ကားတို့ဖြစ်ပါတယ်။
ဒုတိယအကြိမ်ကြည့်ရှုတဲ့ ဇာတ်ကား ၂၂ ကားထဲက ဘယ်အနုပညာရှင်၊ အတတ်ပညာရှင်တွေက အကယ်ဒမီဆု ဆွတ်ခူးရယူသွားနိုင်မယ်လို့ ထင်ပါသလဲဆိုတာတော့ ရုပ်ရှင်ချစ်ပရိသတ်ကြီး ခန့်မှန်းပေးခဲ့ကြပါဦးနော်။
#2025ခုနှစ်အတွက် #UZawMyintOo #MMPA #MyanmarAcademy #မြန်မာ့ရုပ်ရှင်ထူးချွန်ဆု #အကယ်ဒမီ ဆုပေးပွဲကြီး #2025Academy #တတိယအကြိမ်မကြေညာ









