◾ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သေဆုံးသူအနည်းဆုံး ၆၄၈ ဦးရှိဟု အီရန်လူ့အခွင့်အရေးအဖွဲ့ပြော
၁၃ .၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်နိုင်ငံနဲ့ ကုန်သွယ်စီးပွားရေးလုပ်ကိုင်တဲ့ နိုင်ငံတွေရဲ့ ကုန်ပစ္စည်းတွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ ဇန်နဝါရီလ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ထို ကုန်သွယ်စည်းကြပ်ခွန် ကြေညာချက်က တရုတ်၊ ဘရာဇီး၊ တူရကီနဲ့ ရုရှားတို့ကို ပိုပြီးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။
ထရမ့်ပ်က “ချက်ချင်းအကျိုးသက်ရောက်မှုအနေဖြင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် စီးပွားရေးလုပ်ကိုင်သော မည်သည့်နိုင်ငံမဆို ထိုနိုင်ငံများ၏ အမေရိကန်ပြည်ထောင်စုနှင့် လုပ်ဆောင်နေသော မည်သည့်စီးပွားရေးလုပ်ငန်းမဆို ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ ဤအမိန့်သည် နောက်ဆုံးနှင့် အပြီးသတ်ဖြစ်သည်” လို့ လူမှုမီဒီယာပလက်ဖောင်းမှာ ရေးသားခဲ့ပါတယ်။
တရုတ်၊ ဘရာဇီး၊ တူရကီနဲ့ ရုရှားတို့က အီရန်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့နိုင်ငံတွေဖြစ်ကြပါတယ်။ ဒါပေမယ့် ကြေညာချက်က အီရန်နဲ့စီးပွားရေးလုပ်ဖော်ကိုင်ဘက်အားလုံးကိုဆိုလိုသလား ဒါမှမဟုတ် သူတို့ထဲမှ အချို့ကိုပဲ သက်ရောက်မှုရှိတာလားရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အီရန်နိုင်ငံမှာ ဘာသာရေးအရအုပ်ချုပ်နေတဲ့ လက်ရှိအစိုးရကို အဆုံးသတ်ဖို့ တောင်းဆိုဆန္ဒပြသူတွေကို အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့တယ်လို့ သတင်းတွေကြားမှာ အမေရိကန်သမ္မတရဲ့ ကြေညာချက်က ထွက်ပေါ်လာခဲ့တာပါ။
အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပြီး ဆန္ဒပြသူတွေဟာ အခြားနိုင်ငံရဲ့ သမ္မတ ပျော်ရွှင်စေဖို့ ကိုယ့်နိုင်ငံရဲ့ လမ်းတွေကို ဖျက်ဆီးနေကြတယ်လို့ ထရမ့်ပ်ကို ရည်ညွှန်းပြီး ပြီးခဲ့တဲ့အပတ်က ပြောဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနဲ့ အမေရိကန် အထူးသံတမန် စတိဗ်ဝစ်ခ်ကော့ဖ်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဆဲ ဖြစ်တယ်လို့ ဇန်နဝါရီလ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီဗစ်ကလည်း ထရမ့်ပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ရွေးချယ်စရာနည်းလမ်းများစွာကို စဉ်းစားနေပေမယ့် ပထမရွေးချယ်မှုက သံတမန်ရေးဖြစ်တယ်လို့ ဇန်နဝါရီလ ၁၂ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။။
အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေက ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးဖောင်းပွမှုတို့အပေါ်အခြေခံပြီး ဖြစ်လာပေမယ့် နောက်ပိုင်းမှာလွန်ခဲ့သောနှစ်ငါးဆယ်နီးပါးက တည်ထောင်ခဲ့တဲ့ အီရန်အစ္စလာမ်သမ္မတနိုင်ငံကို ဘာသာရေးဆိုင်ရာအစ္စလာမ္မစ်ဘာသာရေးခေါင်းဆောင်တွေက အာဏာလွှမ်းအုပ်ချုပ်တဲ့ စနစ်ကို အဆုံးသတ်ဖို့ တောင်းဆိုလာတာမှာ ဆန္ဒပြပွဲတွေက ပိုမိုကျယ်ပြန့်လာခဲ့တာပါပဲ။
လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှုဆိုင်ရာ သတင်းတွေ ထွက်ပေါ်လာတာနဲ့အတူ ဆန္ဒပြပွဲတွေမှာ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ပြီး နော်ဝေအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အီရန်လူ့အခွင့်အရေးအဖွဲ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်ကတည်းက ဇန်နဝါရီလ ၁၂ ရက်ထိ အနည်းဆုံး သေဆုံးသူ ၆၄၈ ဦး ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
စောင့်ကြည့်ရေးအဖွဲ့ NetBlocks ရဲ့ပြောကြားချက်အရ နိုင်ငံတွင်း အင်တာနက် ပြတ်တောက်မှု နာရီ ၁၀၀ ကြာ ရှိသွားပြီဖြစ်လို့ နိုင်ငံပြင်ပကို ထွက်ပေါ်လာတဲ့ သတင်းနဲ့ ဗီဒီယိုတွေကို အတည်ပြုဖို့ ပိုမိုခက်ခဲလာတယ်လို့ သိရပါတယ်။
Ref-DW News
